Saturday, October 11, 2008

ကံ-ကံ၏အကျိုး(ကိုပြေဇော်)

ဗုဒ္ဓဘာသာဝင်များအကြား ကံနှင့်ပတ်သက်ပြီး ပြောဆိုနေကြသည်ကို မကြာခဏကြားရလေ့ ရှိပါသည်။ ကြိုးစားအားထုတ်မှု မရှိပဲ ရောင့်ရဲတင်းတိမ်တတ်သူများက “ ဖြစ်သမျှအကြောင်း အကောင်းချည်ပဲ၊ ကံပေးသလောက်ပေါ့” ဟူ၍ လည်းကောင်း၊ မိမိကိုယ်မိမိ ယုံကြည်ချက် အပြည့်ရှိပြီး အထိုက်အလျောက် အောင်မြင်မှု ရနေသူတို့က “ကံကြမ္မာကို ယိုးမယ်ဖွဲ့မနေနဲ့၊ ကိုယ်လုပ်မှ ကိုယ်စားရ၊ လူကြံရင် ဘာခံနိုင်မတုန်း” ဟူ၍လည်းကောင်း၊ ကံဉာဏ်ဝီရိယနှင့် ကြိုးစားပါသော်လည်း ထိုက်သင့်သလောက် အောင်မြင်မှု မရသော သူတို့က “ ကိုယ်စွမ်းသလောက် ကြိုးစားခဲ့တာပဲ ကံက ကိုယ့်ဘက်မှ မရှိတာ” ဟူ၍လည်းကောင်း ကံနှင့်ပတ်သက်၍ အမျိုးမျိုး ရှုမြင်တတ် ကြပါသည်။ကံတရားသည် လူတို့အပေါ် မည်သို့မည်ပုံ ဆက်နွယ်၍ အကြောင်းအကျိုးပြုနေသနည်း ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိရှိ သဘောပေါက်ထားရန် အရေးကြီးပါသည်။ စေတနာကို ကံဟုခေါ်သည်ဟု ဘုရားရှင်ဟောကြားထားပါသည်။ ပဌာန်း၂၄ ပစ္စည်း တွင် ကံ ၂ မျိုး ရှိကြောင်း ဟောကြားထားပါသည်။
ကမ္မပစ္စယောတိ-“ ကုသလာ ကုသလံ ကမ္မံ ၀ိပါကာနံ ခန္ဓာနံ ကဋတ္တာစ ရူပါနံ ကမ္မ ပစ္စယေန ပစ္စယော” (နာနာက္ခဏိက ကမ္မ)“ စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မ ပစ္စယေန ပစ္စယော” (သဟဇာတ ကမ္မ)ကုသိုလ် အကုသိုလ် စိတ်နဲ့ ယှဉ်သော စေတနာတို့သည် ဖြစ်ပြီး ချုပ်ပျောက်ရသော သဘောရှိသည်။ ထိုသို့ ချုပ်ပျောက်သည့်တိုင် ပြီးပြီးပျောက်ပျောက် ဘာမျှ မထားခဲ့သည်မဟုတ်။ ကမ္မသတ္တိ တစ်ခု ချန်ထားခဲ့လေ့ရှိသည်။ ၄င်း ကမ္မသတ္တိသည် ကံပြုဆဲအခိုက်တွင် အကျိုး မပေး။ ခဏခြား၍သော်လည်းကောင်း ဘ၀ပေါင်းများစွာခြား၍သော်လည်းကောင်း အကျိုးဝိပါတ်အနေဖြင့် နာမ်ခန္ဓာ ၄ ပါးနှင့် ကမ္မဇရုပ်များကို ဖြစ်စေပါသည်။ ယင်းကံများကို နာနာက္ခဏိကကံ များဟုခေါ်သည်။ လက်ရှိပြုဆဲ ကုသိုလ် အကုသိုလ် စေတနာတွေကြောင့် ၄င်းနှင့်ယှဉ်ဘက် စိတ်စေတသိတ်များနှင့် စိတ္တဇရုပ်များ တစ်ပြိုင်တည်း ဖြစ်ပေါ်ခြင်းသည် သဟဇာတကံ ၏ အကျိုးဖြစ်သည်။နာနာက္ခဏိကကံများကို အမျိုးအစားခွဲလျှင် ၃ မျိုးတွေ့ရမည် ဖြစ်ပါသည်။
(၁) ဒိဋ္ဌဓမ္မဝေဒနိယကံ။
ကုသိုလ် အကုသိုလ်ပြုခိုက် ပေါ်သော ဇော ၇ ချက်အနက် ပထမဇောစေတနာကြောင့် ပေါ်လာသော ကံဖြစ်သည်။ အကျိုးပေးရန် အားအနည်းဆုံးကံ ဖြစ်သည်။ လက်ရှိဘ၀ (ပထမဘ၀)တွင် ကံပြုပြီးသည်နှင့် ချက်ချင်း အကျိုးပေးသည်။ အကယ်၍ အကျိုးပေးခွင့် မရလျှင် “အဟောသိကံ” ဖြစ်သွားသည်။ ဘယ်သော်အခါမျှ အကျိုးမပေးတော့ပေ။ ဘုရား၊ ရဟန္တာများ၊ ဖလသမာပတ်ဝင်စားပြီး အလွန်စင်ကြယ်သော ပုဂ္ဂိုလ်များ စင်ကြယ်သော ပစ္စည်းပေးလှူပါက ချက်ချင်းသူဌေးဖြစ်အောင် အကျိုးပေးသည်။ ဥပမာအာဖြင့် ဘုရားရှင် လက်ထက်တော်က “မဟာဒုဂ်”၊ “ကာက၀လ္လိယ” တို့ ဖြစ်သည်။ ယခုခေတ် အခါတွင် ၄င်းပထမဇော စေတနာ၏ အကျိုးပေးစရာ မရှိတော့ဘူးလားဟု မေးလျှင် အကျိုးပေးပါသည်ဟု ဆရာတော် အရှင်ဇနကာဘိဝံသက ဖြေကြားထားပါသည်။ သို့သော် အလွန် အားနည်းလွန်း၍ မသိသာ မထင်ရှားခြင်းဖြစ်သည်။ အတိတ်ကံဖြင့် ပေါင်း၍ အကျိုးပေးတတ်သည်။ ဆရာတော် အရှင်ဇနကာ ဘိဝံသ၏ အခြေပြု ပဌာန်းကျမ်းတွင် မြောင်းထဲတွင် သာမန်စီးနေသောရေသည် အားပျော့သည် တွန့်ဆုတ်တွန့်ဆုတ်ရှိသည်။ အကယ်၍ မိုးရွာချလိုက်သောအခါ မိုးရေနှင့်အတူ ပေါင်းပြီး ဒလဟော စီးသွားသကဲ့သို့ဟု ဥပမာပေးထားပါသည်။
(၂) ဥပပဇ္ဖဝေဒနိယကံ။
ရှေ့ကပ်လျက် ဒုတိယဘ၀တွင် အကျိုးပေးမည်ကံ ဖြစ်သည်။ ဇော ၇ ချက်အနက် သတ္တမမြောက်ဇောစေတနာသည် ရှေ့လာမည့်ဘ၀ ပဋိသန္ဓေအကျိုးပေးသည်။ အကျိုးပေးခွင့် မရလျှင် အဟောသိကံဖြစ်သွားသည်။ ဇော ၇ ချက်တွင် အားအကောင်းဆုံး အကျိုးပေး အထက်မြက်ဆုံးသော စေတနာဖြစ်သည်။ ကောင်းမှုအကျိုးပေးလျှင် လူချမ်းသာဘ၀ နတ်ချမ်းသာဘ၀ကို ရောက်စေသည်။ အကုသိုလ် အကျိုးပေးလျှင်လည်း အပါယ်ငရဲသို့ ရောက်စေသည်။ ကျန်ဇောစေတနာများလို လက်ရှိဘ၀အတွင်း ချမ်းသာဆင်းရဲ အကျိုးလောက်ပေးခြင်း မဟုတ်။ လူ့ဘ၀မှ နတ်ဘ၀သို့လည်းကောင်း၊ လူ့ဘ၀မှ တိရိစ္ဆာန်ဘ၀သို့လည်းကောင်း ဘ၀အသစ်ကို သိသိသာသာ ပြောင်းလဲစေနိုင်သည်။ အကုသိုလ်စိတ်ကြောင့် သတ္တမဇော အကျိုးပေးပုံကို ဆရာတော် အရှင်ဇနကာဘိဝံသက အရှင်သာရိပုတ္တရာကိုယ်တော်ကြီး ခေါင်းရိတ်စ ကတုန်းပြောင်နေသည်ကို နန္ဒဘီလူးက ခေါင်းခေါက်ချင်စိတ် ဖြစ်လာပြီး ခေါက်လိုက်မိရာ ဘီလူးဘ၀မှ ချက်ချင်းစုတေပြီး အ၀ီစိသို့ တိုက်ရိုက် ဆင်းသွားတော့သည်ဟု ဥပမာပေး ဟောကြားထားသည်။ ခေါင်းခေါက်လိုက်သည်နှင့် ပထမဇောကြောင့် စုတေပြီး သတ္တမဇောကြောင့် အ၀ီစီတွင် ငရဲ ပဋိသန္ဓေအကျိုးပေးသည်။ ထိုသို့ လက်ရှိဘ၀တွင် ကံအမှုပြုတိုင်း ဖြစ်ပေါ်သော သတ္တမဇောများအနက် တစ်ခုသော သတ္တမဇောကြောင့် ဖြစ်သောကံက ပဋိသန္ဓေအကျိုးပေးလိုက်သည်နှင့် ကျန်သတ္တမဇောကြောင့် အကျိုးမပေးရသေးသော ကံအားလုံး အဟောသိကံ ဖြစ်သွားတော့သည်။
(၃) အပရာပရိယဝေဒနိယကံ။
မျက်မှောက်ဘ၀နှင့် ရှေ့ ဒုတိယဘ၀များမှ လွဲ၍ ကျန်ဘ၀ပေါင်းများစွာ သံသရာမှ မထွက်မချင်း အခွင့်သာသလို အကျိုးပေးမည့်ကံကိုခေါ်သည်။ ဇော ၇ ချက် အနက် အလယ်ဇော ၅ ချက် ချုပ်ပျောက်ပြီး ချန်ထားရစ်ခဲ့သော ကံများ ဖြစ်သည်။ အများပြောသည့် အတိတ်ကံများသည် အတိတ်ဘ၀များစွာက ကံပြုစဉ်ဖြစ်ပေါ်ခဲ့သော အလယ်ဇော ၅ ချက်၏ နာနာက္ခဏိက ကမ္မသတ္တိများဖြစ်သည်။ရှေ့ဘ၀ပေါင်းများစွာက ပြုခဲ့သော ပုညာဘိ၊ အပုညာဘိ သင်္ခါရများ ပြုပြီးတိုင်း ချန်ထားခဲ့သည့် နာနာက္ခဏိက ကံကြောင့်ဖြစ်သော စိတ်စေတသိတ်ရုပ်တို့ ဖြစ်ပေါ်ခြင်းသည် ၀ိပါက၀ဋ် လည်ခြင်းဖြစ်ပြီး သဟဇာတကံကြောင့် စိတ်စေတသိတ်ရုပ်တို့ ဖြစ်ပေါ်ခြင်းကို ကမ္မ၀ဋ် လည်ခြင်းဖြစ်ပါသည်။ ထိုသို့ အတိတ်အကျိုး ရုပ်နာမ်ခန္ဓာများပေါ် အခြေခံပြီး ပစ္စုပ္ပန် အကျိုးရုပ်နာမ်ခန္ဓာများက ကောင်းမှု မကောင်းမှုကို ဆောင်ရွက်စေရန် ညွှန်ကြားနေသူမှာ အခြားမဟုတ် အ၀ိဇ္ဖာ၊ တဏှာဦးဆောင်သော ကိလေသာ အပေါင်းအဖော်များပင် ဖြစ်သည်။ အာရုံနှင့် ဒွါရတိုက်တိုင်း ယင်းတို့ ပေါ်လာတတ်သည်။ ထိုသို့ ဖြစ်ခြင်းကို ကိလေသ၀ဋ် လည်ခြင်းဟု ခေါ်သည်။အတိတ် ဘ၀ပေါင်းများစွာကတည်းက အမှန်မသိမှု အ၀ိဇ္ဖာကြောင့် ဖြစ်ပေါ်ခဲ့သော ရုပ်နာမ်ခန္ဓာစဉ်ကို ငါ့ကိုယ် ငါ့ဟာဟု လွဲမှားစွာ စွဲလမ်းခဲ့သည့် တဏှာသည် ဘ၀တိုင်း ဘ၀တိုင်းတွင် စဉ်ဆက်မပြတ် အစားထိုးသွားသော ရုပ်နာမ်ခန္ဓာတိုင်းတွင် အနုသယသဘော ဗီဇသဘောနှင့် ပါလာသည်။ အတိတ်အကျိုးကို အနာဂတ် အကြောင်းဖြစ်အောင် ပြောင်းလဲ ပစ်နိုင်သော မောင်းနှင်အား ဖြစ်ပါသည်။ အကယ်၍ ရုပ်နာမ်ခန္ဓာတို့၏ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးဆက်တရားကို နားလည်သဘောပေါက်သော အသိဉာဏ်ဖြစ်ပေါ်လာလျှင် ပဲ့ကိုင်ကောင်းသော လှေတစ်စင်းလို လိုရာခရီးရောက်အောင် ထိန်းကျောင်းနိုင်မည် ဖြစ်ပါသည်။ သို့မဟုတ်လျှင်ကား ပဲ့ကိုင်မရှိသော လှေတစ်စီးကဲ့သို့ ပရမ်းပတာ သွားချင်ရာသွားပြီး သံသရာ ၀ဲသြဃတွင် ဆုံးဆုံးမြုပ်ပေလိမ့်မည်။ဤနေရာတွင် ရုပ်နာမ်ခန္ဓာကို အသက်ကောင် ၀ိညာဉ်ကောင်ဟုယူဆပြီး ရှေ့ဘ၀က ၀ိညာဉ်ကောင်လုပ်ခဲ့သမျှ ကောင်းကံ မကောင်းကံများကို လက်ရှိဘ၀တွင် ၄င်းဝိညာဉ်ကောင် ကိုယ်တိုင်ကူပြောင်းရောက်ရှိလာပြီး အကျိုးခံစားသည်ဟု မြင်လျှင် သဿတဒိဌိ ဖြစ်ပါသည်။ ထိုသို့မဟုတ် ယခင်ဘ၀က ၀ိညာဉ်ကောင်ကသတ်သတ် ယခုဘ၀ ၀ိညာဉ်ကောင်က သတ်သတ်၊ ယခင်ဘ၀ ၀ိညာဉ်ကောင်လုပ်ခဲ့သမျှ ကောင်းမှု မကောင်းမှုကံများကို ယခုဘ၀ ၀ိညာဉ်ကောင်က ခံစားရသည်ဆိုလျှင် ဥစ္ဆေဒဒိဌိ ဟု ဆိုရပေမည်။ရုပ်နာမ်ခန္ဓာတို့သည် ခဏမဆဲ ဖြစ်လျက် ပျက်လျက်သာရှိသည်။ ထိုရုပ်နာမ်ခန္ဓာတို့ကို သာသနာပအယူကဲ့သို့ ဘ၀များစွာပြောင်း၍ မြဲနေသည့် ၀ိညာဉ်ကောင်သည်ဟု၍ လည်းကောင်း၊ ဘ၀တစ်ခုစီအတွင်းမြဲသည့် သီးခြားစီဖြစ်သော ဘ၀တစ်ခုဝိညာဉ်တစ်ခုဟုလည်းကောင်း မမှတ်ယူသင့်ပေ။ ရုပ်နာမ်ခန္ဓာတို့သည် မွေးရာမှ သေသည်အထိ စက္ကန့်မလပ် အသစ်အသစ်များ အစားထိုးနေသည်ဟု ရှုမြင်ရမည်။ ထိုသို့ အသစ်အသစ်အစားထိုးရာတွင် ဖြစ်ချင်သလို ဖြစ်နေသည်လည်းမဟုတ်၊ အကြောင်း ကံ ကောင်းခြင်း ဆိုးခြင်းပေါ် မူတည်၍ အကျိုးရုပ်နာမ်များ အကောင်းအဆိုးဖြစ်လျက် အသစ်အသစ်များ အစားထိုးသွားခြင်း ဖြစ်သည်။ ထို့ကြောင့် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်ဟု ရှုမြင်သုံးသပ်ခြင်းတတ်သည့် ကမ္မဿကတာသမ္မာဒိဌိဉာဏ် အမြင်ရှိရန် လိုအပ်ပါသည်။ ၄င်းဉာဏ်အမြင်ကို ဗုဒ္ဓဘာသာဝင်များအဖို့ တရားနာခြင်း၊ ဆရာသမားတို့ ဆိုဆုံးမမှုဖြင့် အောက်ဆုံးထစ် မှန်းဆသိမြင်ထားသင့်ပါသည်။ ထို့ထက်ပို၍ ရုပ်နာမ်ခန္ဓာတို့၏ ကြောင်းကျိုးဆက်နွယ်နေသော သဘောတရားကို နာမရူပပဋိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက်သိမြင်ရာမှ ရရှိလာသော ကမ္မဿကတာသမ္မာဒိဌိ ဉာဏ်ဆိုလျှင်ကား အထူးဆိုဖွယ်ရာမရှိပေ။ ၄င်းခန္ဓာဉာဏ်ရောက်အမြင် ရှေ့သွားလျက် ကောင်းမှုပြုလျှင် အကျိုးဖြစ်ရာဘ၀၌ ဉာဏ်ပညာကြီးမားသူ ဖြစ်နိုင်သည်ဟု ဖားအောက်ဆရာတော်ကြီး၏ကျမ်းတွင် ဖော်ပြထားပါသည်။အထက်တွင် ဖော်ပြခဲ့သလို နာနာက္ခဏိကကံသည် အတိတ်မှာ ပြုခဲ့သောကံ ဖြစ်သဖြင့် မိမိစိုက်ခဲ့သော အပင်၏ အသီးကို မိမိမစားချင်လို့ မရ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ယခု ဘ၀တွင် လက်ခံရတော့မည်။ လက်ရှိဘ၀တွင် ရုပ်အဆင်း လှခြင်း မလှခြင်း၊ အသက် ရှည်ခြင်း တိုခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း၊ ခြွေရံ များခြင်း၊ နည်းခြင်း၊ စသည်တို့မှာ ဘ၀ပေါင်းများစွာက စိုက်ခဲ့သော အပင်၏ အသီးများ ဖြစ်သည်။ ထို့ကြောင့် အတိတ်က ကုသိုလ်ကံအကျိုးပေးတော့မည် အကုသိုလ်ကံအကျိုးပေးတော့မည်ကို သာမန်လူတို့အဖို့ ကြိုတင်သိရှိရန် မလွယ်ကူပေ။ မိမိလုပ်နိုင်သည်မှာ လက်ရှိ ပစ္စုပ္ပန်အခိုက်တွင် သဟဇာတကံများကို ကောင်းမှုများသာ ဖြစ်စေခြင်းပင် ဖြစ်ပါသည်။ ယောနိကော မနသိကာရ သင့်တင့်စွာနှလုံးသွင်းပြီး ၀ီရိယ၊ ဉာဏ်အားစိုက်ထုတ်ကာ ကောင်းမှုများကို ပျိုးထောင်နေခိုက်တွင် အရိပ်သဏ္ဍန်လိုက်နေသော အကုသိုလ်တို့ အကျိုးပေးခွင့် မသာဖြစ်ရသည်။ အကျိုးပေးဦးတော့ အကုသိုလ်အသေးစားလေးတွေသာ အခွင့် သာတော့သည်။ အကယ်၍ ပစ္စုပ္ပန် ကောင်းမှု သဟဇာတကံများ အားကြီးခိုက်တွင် အတိတ်က အကုသိုလ်ကံများလုံးဝ အကျိုးပေးခွင့် မရသေးပဲ အတိတ်ကုသိုလ်ကံများသာ အုံနဲ့ကျင်းနဲ့ ထပ်လောင်း အကျိုးပေးဖို့ အခွင့်သာ သွားနိုင်သည်။လောကတွင် မကောင်းမှုများလုပ်ရင်း ချမ်းသာနေသူများရှိသလို ကောင်းမှုလုပ်နေသော်လည်း ဆင်းရဲမြဲ ဆင်းရဲနေသူများလည်း တွေ့ရပေမည်။ ယင်းမှာ အတိတ် ကုသိုလ် အကုသိုလ်ကံ အကျိုးပေး အားကြီးနေသောကြောင့် ဖြစ်သည်။ သို့ရာတွင် အရာရာကို အတိတ်ကံကိုချည်း ယိုးမယ်ဖွဲ့နေ၍လည်း မဖြစ်။ ပစ္စုပ္ပန်အားထုတ်မှုက အကျိုးရလါဒ်ကို အနည်းနှင့်အများ ပြောင်းလဲစေနိုင်ပါသည်။ အထက်တွင် ဖော်ပြခဲ့သလို အတိတ်က အကုသိုလ်ကံ အကျိုးပေးလာခိုက် ပစ္စုပ္ပန် ဒိဋ္ဌဓမ္မဝေဒနိယ ကုသိုလ်ကံက အားနည်းပင် နည်းငြားသော်လည်း အကျိုးပေးမည့် အကုသိုလ်ကံ ချိနဲ့ သွားနိုင်သလို အတိတ်က ကုသိုလ်ကံ အကျိုးပေးခိုက်ကြုံလျှင်လည်း ရေမြောင်းတွင်းမှ ရေများ မိုးရေးနှင့်ရော၍ ဒလဟောစီးသလို ကုသိုလ်ကံ အကျိုးပေးက အားမောင်းသန်ဖြစ်လာမည်ကို သတိချပ်သင့်ပေသည်။အချုပ်အားဖြင့်ဆိုရသော် ကံ၊ကံ၏အကျိုးပေးပုံကို ကမ္မဿကတာသမ္မာဒိဌိဉာဏ်ဖြင့် ကျကျနန သိရှိထားပါက ဤလောကီလူ့ဘောင်၌ နေ့တစ်ဓူဝ ဆောင်ရွက်သမျှ ကိစ္စအ၀၀တွင် ယောနိကော မနသိကာရ (သင့်တင့်စွာနှလုံးသွင်းခြင်း)ဖြင့် ကောင်းမှု အစုစု နေ့စဉ်ပြုကြရင်း လောကဓံ အကောင်းအဆိုးတို့ ရိုက်ခတ်လာသည့်အခါ တည်တည်ငြိမ်ငြိမ်နှင့် မှန်မှန်ကန်ကန် ရှုမြင်နိုင်သော ကလျာဏပုထုဇဉ်များ မလွဲဧကန် ဖြစ်လာကြမည်ဟု ယုံကြည်မိပါသည်။
ကံသတ္တိတို့ မမြင်ရပဲ လိုက်ပါကြောင်းကို သိပြီးသူများရှိသလို ဂဃနဏ မသိသေးသူများလည်း ရှိနိုင်ပါသည်။ ကံပြုစဉ်က နာနာက္ခဏိက ကံတို့သည် ဖြစ်ပြီးသည်နောက် ချုပ်ပျောက်ခဲ့ပြီ။ ခန္ဓာစဉ်တွင် ကံသတ္တိသာ မြုပ်နှံခဲ့သည်။ သို့ဆိုလျှင် အတိတ် ဘ၀ပေါင်းများစွာက အကျိုးမပေးရသေးသော ကံသတ္တိတို့ မရေမတွက်နိုင်အောင်ပါလာမည် မလွဲဖြစ်ပါသည်။ ထိုသတ္တိတို့ ခဏမဆဲ ဖြစ်နေသော ရုပ်နာမ်တိုင်းတွင် လိုက်ရှာသော် တွေ့ရမည် မဟုတ်ပါ။ ရုပ်ကိုခွဲသော် မဟာဘူတရုပ်ဓါတ် ၄ ပါး၊ နာမ်ကိုခွဲသော် နာမ်ဓါတ် ၄ ပါးသာ ရှိမည်။ ထို့ကြောင့် ပါလာကြောင်း မည်သို့ သက်သေပြမလဲ စဉ်းစားစရာရှိသည်။သရက်ပင်သည် သရက်စေ့ တစ်စေ့မှ အပင်ပေါက်လာသည်ကိုလည်း အားလုံးအသိပင်။ သရက်ပင် တစ်ပင်သည် စတင် သီးသည်မှ သေသည်အထိ သရက်သီးပေါင်း ရာပေါင်းများစွာ ထောင်ပေါင်းများစွာ သီးနိုင်မည်ကို မည်သူမျှ ငြင်းလိမ့်မည် မဟုတ်ပါ။ ထိုသရက်စေ့သည် အကြောင်းသရက်သီး။ ထိုအကြောင်း သရက်သီးထဲတွင် နောင်ဖြစ်လာမည့် အကျိုးသရက်သီး ထောင်သောင်းချီတို့၏ အမြုတေပေါင်း ထောင်သောင်းချီကို လိုက်ရှာပါက တွေ့နိုင်ပါမည်လား။ ထိုနည်းတူစွာ ခန္ဓာ ၅ ပါး ရုပ်နာမ်အစုအဝေး တစ်ခုထဲတွင် မရေမတွက်နိုင်အောင် များသော နောင်ဖြစ်လာမည့် ရုပ်နာမ်ခန္ဓာများကို ဖြစ်စေသည့် ကံသတ္တိများကို ရှာပါက တွေ့လိမ့်မည် မဟုတ်။
သရက်သီး တစ်စေ့မှ နောက်ထပ် သရက်သီပေါင်း ထောင်သောင်ချီသီးလာမည့် ဗီဇသတ္တိပါလာသည်ကို မမြင်ရပေမဲ့ သဘာဝတစ်ခုအဖြစ် လက်ခံနိုင်လျှင် ရုပ်နာမ်ခန္ဓာအစုအဝေးလေး တစ်ခုတိုင်းတစ်ခုတိုင်းတွင် နောက်ထပ် ရုပ်နာမ်ခန္ဓာလေးတွေ ထပ်၍ထပ်၍ ဖြစ်လာစေမည့် ကံသတ္တိတွေ ပါလာသည်မှာလည်း သဘာဝဖြစ်ကြောင်း မမြင်ရပေမဲ့ လက်ခံနိုင်လိမ့်မည်ဟု ယူဆပါသည်။ ထိုနည်းတူ မပယ်သတ်ရသေးသော အနုသယကိလေသာတို့ ဗီဇသတ္တိဖြင့် ခန္ဓာစဉ် ကိန်းလိုက်နေသည်မှာ ယုံမှားစရာ ရှိပါဦးမည်လား။ ရှာလျှင် တွေ့မည် မဟုတ်။ အကြောင်းတိုက်ဆိုင်၍ ပေါ်လာခါမှ ရှိကြောင်းသိရမည်။
ဆက်လက်၍ အတွေးခေါင်ကြည့်ရလျှင် အကြောင်းသရက်သီးက အကျိုးသရက်သီးပဲ သီးသလို ဤလူ့ဘ၀ ရုပ်နာမ်ခန္ဓာလေးမှ နောင်ပေါ်မည့် ရုပ်နာမ်ခန္ဓာတို့သည် အမြဲတမ်း လူရုပ်နာမ်ခန္ဓာလေးများပဲ မဖြစ်သင့်ဘူးလား။ လူသေလူဖြစ်ဝါဒကို ယိုင်သွားနိုင်ပြန်သည်။ လောကတွင် နိယာမ ၅ မျိုးရှိသည်။ စိတ္တနိယာမ၊ ကမ္မနိယာမ၊ ဗီဇနိယာမ၊ ဥတုနိယာမ၊ ဓမ္မနိယာမဟူ၍ရှိရာ သတ္တ၀ါတို့သည် သရက်သီးလို ရုပ်ချည်းသက်သက်မဟုတ်။ နာမ်ခန္ဓာပါရှိသဖြင့် သရက်သီးတွင် မရှိသည့် စိတ္တနိယာမ၊ ကမ္မနိယာမတို့ သက်ရောက်မှု ခံရပါသည်။ စိတ်သည် အရောင်အသွေးစုံသလို စိတ်ကြောင့်ပေါ်ရသော ကံတရားသည် အရောင်အသွေးစုံသည်။ “ဒီလူ လူစိတ်မှ ရှိပါရဲ့လား”၊ “သူတော်ကာင်းစိတ်ရှိတဲ့သူပဲ” “ ဈာန်ချမ်းသားသည် လောကီချမ်းသာတွင် အမြင့်မြတ်ဆုံး” စသည့် စိတ်အရောင် အသွေးစုံတော့ ကံအရောင်အသွေးစုံ၊ သတ္တ၀ါတွေ ပုံသဏ္ဍန်မျိုးမျိုးကွဲရတော့သည်။ ထို့ကြောင့် လူသည် သရက်သီးလို သရက်သီးမှ သရက်သီးပဲ ဖြစ်ရမည်ဟု ကံသေကံမပြောလိုမရ။ ကံဆန်းကြယ်သလို သတ္တ၀ါမျိုးစုံ ဖြစ်နိုင်ပေသည်။ သို့ဆိုလျှင် ပြောင်းမရသော အတိတ်ကံတို့ကြောင့် ဖြစ်ချင်သလို ဖြစ်ရတော့မည်လား။
ဗုဒ္ဓဘာသာဝင်အချို့တို့တွင် ကံ ကံ၏အကျိုးကို ယုံကြည်သည်ဆိုရာတွင် အတိတ်က အရိပ်လိုလိုက်လာတဲ့ ကံသတ္တိတွေသည် ကြုံရာကျပမ်း အကျိုးပေးနေသည်၊ မိမိ ဘာမျှ မတတ်နိုင်ဆိုသည့် ပုဗ္ဗေတကဟေတုဒိဌိမျိုး မသိမသာ စွဲကပ်တတ်သည်။ အမှန်ကား ဤသို့ မဟုတ်။ မိမိအပေါ်မှာ မူတည်သလို မိမိရောက်ရှိရာ ကာလ ဒေသ အခြေအနေအချိန်အခါပေါ်လည်းမူတည်သေးသည်ဆိုတာ လက်ခံထားဖို့လိုပါသည်။ ဤကား သမ္ပတ္တိတရားလေးပါး၊ ၀ိပ္ပတ္တိတရား လေးပါးတို့ပင်တည်း။ သမ္ပတ္တိတရားသည် ဆိုင်ရာ အကြောင်းအချက်များ ပြည့်စုံမှုဖြစ်ပြီး ၀ိပ္ပတ္တိသည် ဆိုင်ရာအကြောင်းအချက်များ ချွှတ်ယွင်းမှုတို့ဖြစ်ပါသည်။
သမ္မတ္တိတရားလေးပါး
၁) ဂတိ သမ္ပတ္တိ
၂) ဥပဓိ သမ္ပတ္တိ
၃) ကာလ သမ္ပတ္တိ
၎) ပယောဂ သမ္ပတ္တိ

ဝိပ္ပတ္တိတရား လေးပါး
၁) ဂတိ ၀ိပ္ပတ္တိ
၂) ဥပဓိ ၀ိပ္ပတ္တိ
၃) ကာလ ၀ိပ္ပတ္တိ
၎) ပယောဂ၀ိပ္ပတ္တိ

ဂတိသမ္ပတ္တိ။
လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တို့ကို ဂတိသမ္ပတ္တိဟု ခေါ်သည်။ ရရှိသော ဘ၀ ကောင်းခြင်းဖြစ်သည်။ ဂတိသမ္ပတ္တိပြည့်စုံခိုက် ကုသိုလ်ကံများသာ အကျိုးပေးခွင့်ရသည်။ လူဘုံတွင် ဒုက္ခမကင်းဟုဆိုရသော်လည်း အပါယ်ဘုံတို့နဲ့စာလျှင် အကုသိုလ် အကျိုးပေး များစွာ သက်သာပါသည်။ ဂတိသမ္ပတ္တိရခိုက် အာရုံများသည် အကောင်းအမွန်တို့များသည်။ ကုသိုလ်ကံများ အထိုက်အလျောက် အကျိုးပေးခွင့်ရ၍ မကောင်းသော အာရုံများ ရှောင်တိမ်းနိုင်သည်။
ဂတိဝိပ္ပတ္တိ။
အပါယ် ၄ ဘုံ သည် ဂတိဝိပ္ပတ္တိဖြစ်သည်။ ရရှိသော ဘ၀ မကောင်းခြင်း ဖြစ်သည်။ ငရဲ ပြိတ္တာတို့သည် အမြဲဒုက္ခရောက်၊ အမြဲအနှိပ်စက်ခံ၊ အမြဲပူလောင်နေရသော ဘ၀ဖြစ်လို့ အကုသိုလ်တို့ အကျိုးပေးခွင့်သာပုံမှာတော့ အထူးဆိုဖွယ်ရာမရှိပေ။ အထိုက်အလျောက် သက်သာသည်ဆိုသည့် တိရိစ္ဆာန်ပင် အစာငတ်ဖို့၊ ရေငတ်ဖို့၊ နေပူမိုးရွာနေရဖို့၊ တုတ်ဓါးလက်နက်ဒဏ်ခံရဖို့၊ တစ်ကောင်နှင့်တစ်ကောင် သတ်ဖြတ်စားသောက်ခံရဖို့ စသည့် အကုသိုလ်များ အကျိုးပေးဖို့ အခွင့်မသာပေဘူးလား။ ထိုထိုဘ၀များရခိုက် အတိတ်က ကုသိုလ်ကံများ ပါနေသော်လည်း ငုပ်လျှိုးနေရပေသည်။
ဥပဓိသမ္ပတ္တိ။
ဥပဓိရုပ်ကောင်းခြင်း၊ ရုပ်အဆင်းလှခြင်းသည် ကုသိုလ်ကံ အကျိုးပေးဖို့ရာ အခွင့်သာသည်။ အထူးသဖြင့် လူဘုံတွင်ဖြစ်သည်။ အနီးစပ်ဆုံး ဥပမာပြရလျှင် အလုပ် ရာထူးရွှေးချယ်ရာတွင် personality ကို စဉ်းစားရာ၌ ဥပဓိရုပ်သည်လည်း အချက်တစ်ချက် အနေဖြင့် ထည့်သွင်း စဉ်းစားသည်။ personality ကောင်းတဲ့သူသည် နုတ်ဖြေ မဖြေရသေးခင် အမှတ်က သာနေပြီ။ ယောက်ျားမှာ အချင်း၊ မိန်းမမှာ အဆင်းလို့ဆိုရိုးစကားရှိသည့်အတိုင်း ရုပ်အဆင်းလှသည့် မိန်းမအဖို့ ပြည်စုံကုံလုံတဲ့ ဘ၀ကြင်ဖော်ရဖို့ အခွင့်အလမ်းသာသည်။ ထို့အတူ ခွေးလှ၊ ကြောင်လှ၊ မြင်းလှ၊ နွားလှတို့သည်လည်း လူတို့ ချစ်ခင်မှုခံရ၍ တိရိစ္ဆာန်ချင်းယှဉ်လျှင် ကုသိုလ်ကံ အကျိုးပေး အခွင့်သာပြန်သည်။ ဥပဓိသမ္ပတ္တိကို အကာအကွယ်ယူ၍ လိမ်တတ်တဲ့သူများ တွေ့ဘူးကြားဘူးကြပါလိမ့်မည်။ ” ဒီလူကြည့်ရတာ ဥပဓိရုပ်က သနားကမားနဲ့ ဒီလို မဟုတ်တာ လုပ်မဲ့လူလို့ မထင်ခဲ့ဘူး၊ သူကစကားယုံလိုက်တာ ငါးပါးမှောက်တော့တာပဲ” ဆိုသည့် ဇာတ်လမ်းမျိုးသည် မိမိရရှိသည့် ကုသိုလ်ကံကို အကြောင်းပြုပြီး အကုသိုလ် ကျူးလွန်သူများ ဖြစ်သည်။
ဥပဓိဝိပ္ပတ္တိ။
အဆင်းမလှခြင်းသည် အထူးပြောစရာပင်မလို။ အမျိုးမြတ်က မွေးဖွားလာသည့်တိုင် ရုပ်အဆင်းမကောင်းပါက အမျိုးတူအချင်းချင်း မကြည်ဖြူနိုင်။ အညိုအငြင်ခံရသည်။ မင်းကုသ ဇာတ်တော်သည် အထင်အရှားဖြစ်ပါသည်။ ” ဟဲ့ဟဲ့ ဆိုင်ရှေ့မှာ ရပ်နေတဲ့သူကြည့်စမ်း သူခိုးဂျပိုးနဲ့တူတယ်။ သေချာကြည့်ထား” ၊ အမှန်မှာ သာမာန်ရိုးသားသောသူတစ်ဦးဖြစ်သည်။ ဥပဓိဝိပ္ပတ္တိ ကြောင့် မဟုတ်ပါလား။ “မလှ စုန်းယိုး” ဆိုသည့်စကား သည် ဥပဓိဝိပ္ပတ္တိ အကျိုး ထင်ရှားသော သာဓက ဖြစ်ပါသည်။ တိရစ္ဆာန်ဆိုလျှင် ပိုဆိုးတော့သည်။ “ခွေးဝဲစားလာမကပ်နဲ့” မြင်တဲ့သူက တုတ်ခဲတို့နှင့် အပစ်ခံရသည်။ ဘယ်သူကမှ စားကြွင်းစာကျန်တောင် မကျွှေးချင်ကြ။
ကာလသမ္ပတ္တိ။
မင်းကောင်း ခေါင်းဆောင်ကောင်းတို့ အုပ်စိုးသော ကာလဖြစ်ခြင်းကို ကာလသမ္ပတ္တိဖြစ်သည်ဟု ပြောကြသည်။ တိုင်းသူပြည်သားများ သာယာဝပြောအောင်၊ ကျန်းမာအောင်၊ ပညာတတ်အောင် စီမံဆောင်ရွက်တတ်သော မင်းကောင်း ခေါင်းဆောင်ကောင်းတို့ လက်ထက် ကုသိုလ်ကံများ အခွင့်သာသည်။ ကုသိုလ်ကံ အခွင့်သာသောကြောင့် ကောင်းသောအာရုံများကို ထိတွေ့ခံစားရသည်။ လူဆိုးဓမြများ မထကြွရဲသောကြောင့် စိုးရိမ်ကြောက်လန့်မှု ကင်းသည်။ တိုင်းသူပြည်သားတို့ စိတ်လက်ကြည်သာ ကြသည်။ လူအချင်းချင်း ရန်လိုမှုကင်းသည်။ ကောင်းမှု အစုစုတို့ တိုး၍တိုး၍လုပ်လာကြသဖြင့်လည်း ဆန်ရေစပါးပေါကြွယ်ဝသည်။
ကာလ၀ိပ္ပတ္တိ။
ပြည်တွင်း မငြိမ်မသက်ဖြစ်သည့်အခါ၊ စစ်မီးတောက်လောင်သည့်အခါသည် ကာလ၀ိပ္ပတ္တိဟု ခေါ်သည်။ ထိုအခိုက်တွင် လူတို့တွင် ရှေးရှေးက ပါလာသော အကုသိုလ်တို့ အကျိုးပေးဖို့ရာ ခေါင်းထောင်ထလာတော့သည်။ ဆန်ရေစပါး ရှားပါး၊ အငတ်ဘေးဆိုက်၊ အချင်းချင်း လုယက်၊ ပုန်းရခိုရ၊ ပြေးရလွှားရ၊ ကြောင့်ကြကြီးစွာဖြင့် နေရ၊ ချစ်သူခင်သူများနဲ့ ခွဲခွာရ၊ အနာရောဂါ ထူပြော၊ မသေသင့်ပဲ သေရ၊ မီခိုးကြွက်လျောက် အကုသိုလ်တို့ အုံနဲ့ ကျင်းနဲ့ မဖိတ်ခေါ်ပဲ ဆိုက်ရောက်လာတော့သည်။
ပယောဂသမ္ပတ္တိ။
အထက်တွင်ဖော်ပြခဲ့သော သမ္ပတ္တိ ၃ မျိုးသည် မိမိအနေနှင့် ဖန်တီးယူ၍ မရသော အရာများ ဖြစ်သည်။ ပယောဂ သမ္ပတ္တိမှာ မိမိအပေါ်လုံးဝ မူတည်နေသည်။ သတိ၊ ၀ီရိယ၊ ဉာဏ်ကို ပယောဂဟုခေါ်သည်။ ဉာဏ်ဆိုရာတွင် အပြစ်ကင်းသော အရာ၌သာပါသော ပညာချည်းသာမက၊ အကုသိုလ်ကိစ္စများတွင် ပါသော ၀ဉ္စနာပညာနှင့် အကြံကောင်းဝိတက်များကိုလည်း ဉာဏ်ဟုခေါ်သည်။ ထို့ကြောင့် မည်သည့် ကိစ္စတွင် မဆို သတိရှိခြင်း၊ သွက်လက်ချက်ချာခြင်း၊ ပါးနပ်ခြင်း၊ လိမ္မာတတ်သိခြင်းတို့သည်လည်း ပယောဂသမ္ပတ္တိများ ပင်ဖြစ်ပါသည်။ လူဘုံတွင် အကောင်းအဆိုးကံများ သင့်သလို အကျိုးပေးသည့်ဘုံ ဖြစ်သဖြင့် ကောင်းသောကံများကိုသာ အကျိုးပေးခွင့်ရစေရန် ပယောဂသမ္ပတ္တိနှင့် ပြည်စုံနေဖို့လိုပါသည်။ ပယောဂသမ္ပတ္တိသည် အတိတ်က ကုသိုလ်ကံများ အကျိုးပေးဖို့ရန် ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်သည်။ ရုတ်တရက် ထီပေါက်ခြင်းမှလွဲ၍ ကျန်စီးပွါးရေးပိုင်းတွင် ရှေးကံက တမတ်သား ယခုလက်ရှိ ပယောဂသမ္ပတ္တိက သုံးမတ်သားဟု ဆရာတော် အရှင်ဇနကာဘိဝံသက ထောက်ပြခဲ့ပါသည်။ ပညာရေးပိုင်း ပယောဂသမ္ပတ္တိပြည်စုံနေလျှင် ပင်ကိုယ် ဉာဏ်နဲသူပင် သူတကာရှေ့ရောက်နိုင်ပေသည်။ လူတို့ ကျန်းမာဖို့ရာ ကုသိုလ်ကံနှင့် မကျန်းမာဖို့ရာ အကုသိုလ်ကံများ ထိုက်သလို အကျိုးပေးတတ်သည်။ ကျန်းမာရေးဗဟုသုတရှိပြီး နေထိုင်စားသောက်သူတို့သည် ပယောဂသမ္ပတ္တိရှိသူများ ဖြစ်ပြီး ကျန်းမာဖို့ ကုသိုလ်ကံများ အခွင့်ပိုသာသည်။
သာမန် အတိတ်အကုသိုလ်တို့ အကျိုးပေးခွင့် မရတော့ဘူးလား မေးစရာရှိပါသည်။ အတော်အတန်ကြီးသော အကုသိုလ်တို့မှ လွတ်ခွင့် မရသော်လည်း သက်သာရာရတတ်ပါသည်။ အကုသိုလ်ကံအကျိုးပေး ချိနဲ့သွားသည်။ တော်ရုံသေးသည့် အကုသိုလ်ကံများ အခွင့်မသာ ဖြစ်ရသည်။ ထို့ကြောင့် ပယောဂသမ္ပတ္တိရှိသူသည် ပညာတတ်သည်။ အိမ်ထောင်ဘက်ကောင်းရတတ်သည်။ ဆရာကောင်းသမားကောင်းတွေ့တတ်သည်။ ရာထူးဂုဏ်သိန် စည်းစိမ်များရတတ်သည်။ နိဗ္ဗာန်ရသည့်ထိ အဆင့်အတန်းမြင့် သွားတော့သည်။
ပယောဂ၀ိပ္ပတ္တိ။
ပျင်းသည်၊ ထကြွလုံ့လမရှိ၊ မနာလို ၀န်တိုစိတ်များ၊ ဒေါသမာန်မာနကြီးခြင်းတို့သည် ပယောဂ၀ိပ္ပတ္တိတို့ဖြစ်သည်။ အကုသိုလ်အသေးလေးများပင် အကျိုးပေးအောင် ဖိတ်ခေါ်နေသည်။ အကယ်၍ အတိတ်ကုသိုလ်ကံ ကောင်းနေခိုက်တွင် မသိသာသော်လည်း ကံရှိန်ကုန်သည့်အခါ အမြင့်မှ ပြုတ်ကြသည့်နှယ် အထိနာပေတော့သည်။ “ခွေးရူးကောင်းစား တမွန်းတည့်” ဟု ပြောကြသည်။
အချုပ်အားဖြင့်ဆိုရသော် ဂတိသမ္ပတ္တိကောင်းလို့ လူဘ၀ရသည့်တိုင် ဆင်းရဲသော မိသားစုမှာ ပေါက်ဖွားရသည်။ ဥပဓိရုပ်မှာ အကောင်းချည်း မဟုတ်ဆိုပါစို့။ ကာလသမ္ပတ္တိလည်း ကြုံခိုက် ပယောဂသမ္ပတ္တိပြည့်စုံသူတစ်ယောက်အဖို့ ဘ၀အဆင့်တန်းသည် အတက်သာရှိ အဆင်းမရှိ။ ချမ်းသာသည့်မိသားစုမှ ပေါက်ဖွားပြီး ဥပဓိရုပ်မည်မျှကောင်းစေကာမူ ပယောဂ၀ိပ္ပတ္တိ ဖြစ်သူအဖို့ ဘ၀အဆင့်အတန်းမြင့်မူမှာ တာရှည်မခံ တချိန်မှာ တလိမ့်ကောက်ကွေး ကျတတ်သည်။ ပယောဂသမ္ပတ္တိ အမြဲပြည့်စုံနေသူအဖို့ နိဗ္ဗာန်ရောက်သည်အထိ အကျိုးပေးပြီး သံသရာက ထွက်သွားချိန်အထိ အခွင့်အခါစောင့်နေသော အကုသိုလ်ကံများ အကျိုးပင် မပေးလိုက်ရ။ အဟောသိကံ ဖြစ်ရတော့သည်။ ထို့ကြောင့် ပယောဂသမ္ပတ္တိရှိသူတို့သည် ကံဇာတ်ဆရာ၏ ကြိုးဆွဲသမျှ လည်စင်းခံသော လူပျော့ လူညံ့တို့မဟုတ်။ ကံကို မိမိ အလိုရှိရာရောက်အောင် ထိန်းကျောင်းနိုင်သည့် ပဲ့ကိုင်ရှင်များသာ ဖြစ်ကြောင်း တင်ပြ လိုက်ရပေသည်။

သဒ္ဓါတရား ခေါင်းစဉ်လေးမှာ ဘုရား၊ တရား၊ သံဃာအပေါ်မှာ ယုံကြည်မှုနဲ့ပတ်သက်တာရေးပြီးတော့ ကံကံ၏အကျိုးကို ချန်လှပ်ထားခဲ့ပါသည်။ အကျယ်တ၀န်းရှင်းလင်းစေချင်၍လည်း ဖြစ်ပါသည်။ ကံကံ၏အကျိုး-၃ ထိ ဖတ်ပြီးလျှင် စာဖတ်သူတို့ ကံကံ၏အကျိုးကို အမှန်တကယ်နားလည်ပြီး သဒ္ဓါတရားအစစ်အမှန်ကိန်းဝပ်ကာ သြဃလေးပါးကို ဖြတ်ကျော်နိုင်သည်အထိ သာသနာတွင်းတရားဖြစ်သော ၀ိပဿနာတရားအားထုတ်ကာ သံသရာမှလွတ်မြောင်နိုင်အောင် ကြိုးစားအားထုတ်စေလိုစေသော ဆန္ဒအမှန်ကို ဦးစွာတိုက်တွန်းလိုပါသည်။
ယံ ကလျာဏံ ပါပကံ ကမ္မံ ကရောတိ တဿ ကမ္မဿ ဒါယဒါ ဘ၀ိဿန္တိ။
အကြင် ကောင်းမှု မကောင်းမှုတို့က ပြုလုပ်၏။ ထိုပြုလုပ်သော ကောင်းမှုကံနှင့် မကောင်းမှုကံတို့ကြောင့်၊ ထိုကံတို့၏ အမွေ (၀ါ) ထိုကံတို့နှင့် အလားတူသော ကံတို့သည်၊ ပြန်လည်ဖြစ်လာ၏။အရှင်းဆုံ်းပြောရင် ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်။
န ဟိ ပါပံ ကတံ ကမ္မံ၊ သဇ္ဇုခီရံဝ မုစ္စတိ။ဍဟန္တံ ဗာလမနွေတိ၊ ဘသ္မ စ္ဆန္နောဝ ပါဝကော။
ညှစ်ပြီးစနို့ရည်သည် ပြကတေ့သဘောမှ ရုတ်တရက် မပြောင်းလဲသကဲ့သို့ ပြုသစ်စဖြစ်သော မကောင်းမှုသည် (ရုတ်တရက်) အကျိုးမပေးသေး၊ (အကျိုးပေးသောအခါ) ပြာဖုံးသောမီးခဲကဲ့သို့ သူမိုက်ကို လောင်ကျွမ်းစေလျက် အစဉ်လိုက်၏။(ပြကတေ့= ဖြစ်ခါစ၊ ညှစ်ခါစ)
ကိုယ်ပြုလိုက်တဲ့ ကာယအမှု၊ ပြောဆိုလိုက်တဲ့ ၀စီအမှု၊ ကြံစည်လိုက်တဲ့ မနောအမှုတွေဟာ ကံမျိုးစေ့ကို စိုက်ပျိုးနေတာပါ။ ဒါတွေက မနောကသာ ဦးဆောင်လေ့ရှိပါတယ်။ ကိုယ်နှုတ်တစ်ခုခု ပြုမည်ဆိုလျှင် စိတ်သည် ဦးစွာတွေးတောလေ့ရှိပါသည်။ သည်စိတ်တွင်လည်း ဘယ်သူကစေ့ဆော်ကြောင့်ကျစိုက်သွားသလဲ ဆိုတော့ စေတနာက စေ့ဆော်တိုက်တွန်းပြီး ကြောင့်ကျစိုက်ကာ ပြုလုပ်သွားပါတယ်။ ဤသည်ကို ဗုဒ္ဓမြတ်စွာသည်စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိစေတနာကိုကံဟု ငါဘုရားသတ်မှတ်ပါတယ်။ ဥပမာ ပြဆိုရရင် ခြင်တစ်ကောင်ကို ရိုက်တယ်ဆိုပါဆို့။ ရိုက်လိုက်တဲ့လက်(ကိုယ်)ကလားဆိုတော့ ရိုက်ချင်တဲ့စိတ်က အရင်ဖြစ်လို့ လက်ကရိုက်ရတာပါ။ စိတ်ကအရင်းခံလားဆိုတော့ ရိုက်ချင်တဲ့အာရုံကြောင့်ဖြစ်ရတာပါ။ အာရုံက အရင်းခံလားဆိုတော့ သူ့ကိုဖြစ်စေတဲ့ စေတနာကြောင့်ပါ။ သေစေလိုတဲ့ စေတနာကြောင့် ရိုက်တာဖြစ်တဲ့အတွက် အကုသိုလ်ဒေါသစေတသိက်ဖြစ်ပါသည်။ စိတ်၊ စေတသိက်တို့ဟာ ဖြစ်ပြီးပျက်တတ်တဲ့သဘောရှိပေမယ့် သူတို့ရဲ့ ကံအစွမ်းသတ္တိတွေဟာ နောက်စိတ်စဉ်မှာ ချန်ရစ်သွားပြီး ကာယကံရှင်ရဲ့ ဘ၀ဆက်တိုင်းလိုက်ပါသွားပါတယ်။ ဒါကြောင့် စေတနာဟာ ကံဖြစ်တယ်လို့ ဘုရားရှင်မိန့်တော်မူပါတယ်။ ဒီလိုကံတွေရဲ့ အကျိုးပေးမြဲသဘော ဖြစ်မြဲသဘောကို ကမ္မနိယာမလို့ ခေါ်ပါတယ်။ ဒီလို စိတ်၊ စေတသိက်တွေ ကုဋေပေါင်းများစွာ ဖြစ်ဖြစ်သွားပြီး ဘ၀တစ်ခုလုံးအတွင်းမှာ နေ့စဉ်ပြုလုပ်ခဲ့တဲ့ အကုသိုလ်တွေပြုလုပ်မိ၊ ပြောဆိုမိ၊ ကြံစည်မိနေရင် အကုသိုလ်အာစိဏ္ဏကံတွေ ပြုလုပ်မိနေပြီဆိုတာ သတိပြုစေချင်ပါသည်။ ဒီလိုများစွာ ပြုလုပ်မိရင် သေခါနီးအချိန်မှာလည်း အကုသိုလ်အာသန္နကံ တွေကသာ အလုအယက်ပေါ်လာမယ်ဆိုတာ သေချာလှပါတယ်။ အကုသိုလ်အာသန္နကံပေါ်လို့ ဒုတိယဘ၀မှာ အကျိုးပေးသည်ဖြစ်စေ၊ ဇော(၇)ကြိမ်အနက် သတ္တမဇောကြောင့် ဒုတိယဘ၀မှာ အကုသိုလ်အကျိုးပေးတာ(ကာလ)ကို ဥပပဇ္ဇဝေဒနိယကံလို့ခေါ်ပါတယ်။ ဒါဟာ အကုသိုလ်ပြုလိုက်လို့ အကျိုးပေးတဲ့ကံနဲ့ ကာလပါ။ အလားတူပဲ မြတ်စွာဘုရားရှင်ကို ကြည်ညိုလေးမြတ်တဲ့ သဒ္ဓါတရားအရင်းခံပြီး လက်အုပ်ချီမိုးရှိခိုးလိုက်မယ်ဆိုရင် ကုသိုလ်စေတသိက်တွေဖြစ်သွားပြီး အလားတူအကျိုးပေးမှာပါပဲ။ ပစ္စုပ္ပန်အချိန်ဘ၀ (၀ါ) ယခုဘ၀နဲ့ ဒုတိယဘ၀လွဲ၍ ကျန်ဘ၀များစွာဖြစ်တဲ့ အတိတ်ဘ၀တစ်ခုခုက ပြုခဲ့ဖူးသော ကုသိုလ်၊ အကုသိုလ်တွေဟာ အလျဉ်းသင့်သလို အကျိုးပေးတဲ့ ကဋတ္တာကံကိုတော့ အပရာပရိယဝေဒနိယကံလို့ ခေါ်ဆိုပါတယ်။လက်ရှိဘ၀မှာတော့ ဒိဋ္ဌဓမ္မဝေဒနိယကံအနေဖြင့်လည်း ချက်ခြင်းလက်ငင်းအကျိုးပေးနိုင်ပါသည်။ ကောင်းမှု၌ ဒိဋ္ဌဓမ္မဝေဒနိယကံအနေဖြင့် အကျိုးပေးရာတွင်
(၁) ဘုရားရဟန္တာအရှင်မြတ်တို့သည် နိရောဓ ဖလသမာပတ်မှ နိုးထခြင်း၊
(၂) အလှူရှင်၏ထက်သန်သော စေတနာတရား၊
(၃) မိမိ၏ အလှူပစ္စည်းစင်ကြယ်ခြင်း(ဓမ္မိယလဒ္ဓ) ဆိုတဲ့ အချက်သုံးချက်နှင့်ညီရင် လက်ရှိဘ၀မှာပင် ချက်ခြင်းအကျိုးပေးမှာဖြစ်ပါသည်။
ယခုမျက်မှောက်ခေတ်မှာ မည်ကဲ့သို့အကျိုးပေးနိုင်သည်ဆိုတာကိုတော့ ဖော်ပြခဲ့ပြီးပါပြီ။ အာစိဏ္ဏကံဆိုတာ ကျွန်ုပ်တို့၏ ဘ၀သက်တန်း တစ်ခုလုံးအတွင်းမှာ နေ့စဉ်ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေ အကုသိုလ်တွေကို ခေါ်ပါတယ်။ တစ်နေ့တာစာရင်းချုပ်၊ တစ်လစာစာရင်းချုပ်၊ တစ်နှစ်စာစာရင်း စသဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အကုသိုလ်အာစိဏ္ဏကံတွေသာ ကြောက်ဖွယ်လိလိ များစွာရှိနေတာကို တွေ့ရပါလိမ့်မယ်။ အာသန္နကံဆိုတာကတော့ သေခါနီးအချိန်မှာကပ်ပြီး စိတ်ထဲမှာပေါ်လာတဲ့ ကုသိုလ်တွေ အကုသိုလ်တွေကို ခေါ်ပါတယ်။ မသေခင် အကုသိုလ်အာစိဏ္ဏကံ တွေကို အလေ့အကျင့် အများဆုံးလုပ်ခဲ့ကြရင် သေခါနီးဆဲဆဲမှာ အကုသိုလ်အာသန္နကံ တွေပဲ ပေါ်လာမယ်ဆိုတာ သေချာပါသည်။ နှစ်ဟောင်းများစွာ ငါးပိထည့်တဲ့အိုးကို ဘယ်လိုပင် စယ်ကြယ်အောင်ဆေးကြောပေမယ့် အနံ့ဆိုးတွေ ထုံနေသလို၊ ဆွဲကပ်နေသလို ကျုန်ုပ်တို့ စိတ်သန္တာန်မှာ အကုသိုလ်တွေ မပျောက်ပျက်အောင် စွဲကပ်နေပါတယ်။အဲသည်လို သဘောတရားကို ပဋ္ဌာန်းနည်းအရ အာသေ၀နပစ္စည်းနဲ့ အကျိုးပြုတယ်လို့ခေါ်ပါတယ်။ အကုသိုလ်အာသန္နကံကြောင့် ရေတွင်းရေကန် စေတီပုထိုးပေါင်း ရှစ်သောင်းလေးထောင် လှူဒါန်းပြုစုခဲ့တဲ့ လောကီအာစိဏ္ဏကံ ကုသိုလ်ပိုင်ရှင်ကြီးဖြစ်တဲ့ သီရိဓမ္မာအသောကမင်းကြီးပင်လျှင် သေခါနီးအချိန်၌ အကုသိုလ်အာစိဏ္ဏကံကပ်ပြီး နှိပ်စက်မှုကြောင့် စပါးကြီးမြွေ ဖြစ်ရပါတယ်။ ဤသည်ကို ဒုတိယမုံရွေးဆရာတော်၏ မေတ္တာစာ၌ဇမ္ဗူဒီစိုးအုပ်၍ ၊ မင်းလုပ်သည့် အိုဘယ့်လူထီးဖြူနှင့် တလျှပ်လျှပ်၊ မြွေကြောရှည် စပါးကြီးမှာအမြီးတခတ်ခတ်။ လို့ မိန့်ဆိုထားပါသည်။ထိုမှတစ်ပါး သေခါနီးဆဲဆဲမှာ ကပ်ပြီးနှိပ်စက်တဲ့ အကုသိုလ်အာသန္နကံကြောင့် ဧရကပတ္တ နဂါးကြီးဖြစ်လာရတဲ့ ရဟန်းကြီးဝတ္ထု၊ သန်းဖြစ်လာရတဲ့ တိဿဆိုသော ရဟန်းပျို ၀တ္ထုမျိုးတွေ ရှိပါသေးတယ်။ ဤကဲ့သို့ လောကီအာစိဏ္ဏကံ ကုသိုလ်ပိုင်ရှင်ကြီးတွေပင်လျှင် သေခါနီး အခါကပ်ပြီး နှိပ်စက်တတ်တဲ့ အကုသိုလ်အာသန္နကံဘေးမှ စိတ်မချရသေးလျှင်၊ အခြားပုဂ္ဂိုလ်များအတွက် မတွေးဝင့်အောင် ဖြစ်ပါတယ်။ဒီကံအစွမ်း သတ္တိတစ်ခုစီက ဘ၀သစ်တစ်ခုဖြစ်အောင် အကျိုးပေးဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေကြတာပါ။ ဒီကံအစွမ်းသတ္တိ(၀ါ) ကမ္မသတ္တိက သစ်စေ့မျိုးစေ့တွေနဲ့ တူပါတယ်။ ညောင်ပင် တစ်ပင်က အသီးမှည့်တွေဟာ သိန်းသန်းချီပြီး အရေအတွက်ရှိကြပါတယ်။ ဒီအသီးတွေကို ငှက်တို့ သမင်တို့ ဆိတ်တို့ စားသောက်ပြီး မစင်စွန့်ကြတဲ့အခါ နေရာအနှံ့အပြားမှာ ညောင်စေ့တွေ ကျရောက်သွားကြတယ်။ ဒီညောင်စေ့တွေက ရေ၊ လေ၊ မြေ၊ အလင်းရောင် အထောင်အပံ့ရရင် အပင်ပေါက်လာကြတယ်။ ညောင်စေ့သေးသေးလေးတစ်စေ့က ဧရာမညောင်ပင်ကြီးတစ်ပင်စီဖြစ်လာရတယ်။ ကံသတ္တိဆိုတဲ့ ကံမျိုးစေ့တွေကလည်း အလားတူပဲ၊ အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ရဲ့ အထောက်အပံ့ကိုရရင် ဘ၀သစ်တွေကို ဖြစ်ပေါ်စေပါတယ်။ မျိုးစေ့ကအပင်ပေါက်ရာမှာ ရေကအဓိကဖြစ်သလို ကံသတ္တိကနေ ဘ၀သစ်ဖြစ်ပေါ်ရာမှာ ဘ၀သစ်ကို လိုချင်တောင့်တတဲ့ တဏှာက အဓိကပဲ။ ပြီးတော့ ညောင်စေ့ကနေ ညောင်ပင်ပေါက်ပြီး သရက်စေ့ကနေ သရက်ပင်ကြီးပေါက်သလို အကုသိုလ်ကံမျိုးစေ့ကနေ အပါယ်ဘုံသား ဘ၀ပေါက်ပြီး ကုသိုလ်ကံမျိုးစေ့က လူနတ်ဆိုတဲ့ သုဂတိပေါက်ပွားလာတယ်။ထို့ကြောင့်သဒိသံ ပါကံ ဇနေတိအကြောင်းနဲ့တူတဲ့ အကျိုးကိုဖြစ်စေတတ်တယ်ယာဒိသံ ၀ပ္ပတေဗီဇံ၊ တာဒိသံ ဟရေတေ ဖလံအကြင်သို့သဘောရှိသော မျိုးစေ့ကို စိုက်ပျိုးရင် ထိုသို့သဘောရှိသော အသီးကိုဆောင်မယ်လို့ ဗုဒ္ဓမြတ်စွာမိန့်ကြားခဲ့ပါတယ်။ ဆက်လက်မိန့်ကြားသည်မှာသဗ္ဗေကမ္မဿကာ သတ္တာ၊ ကမ္မံသတ္တ ၀ိဘဇ္ဇတိ။ဟီန ပဏီတ ဘာဝါယ၊ နစိန္တာယ သမိဒ္ဓိနော။ခပ်သိမ်းသောသတ္တ၀ါတို့ဟာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စရှိကြကုန်တယ်။ ကောင်းတဲ့ကံ၊ မကောင်းတဲ့ကံ အမျိုးမျိုးတို့ဟာ သတ္တ၀ါတွေကို ယုတ်ညံ့အောင်၊ အမျိုးမြတ်အောင်၊ ဆင်းရဲအောင်၊ ချမ်းသာအောင်၊ အကျည်းတန်အောင်၊ ချောမောလှပအောင် အမျိုးမျိုးအဖုံဖုံပြုပြင်စီစဉ်ပေးကြတယ်။ ဒါကြောင့် သတ္တ၀ါတွေသာ ကာမဂုဏ်စည်းစိမ်ဂုဏ်သိန်ရိပ်ငြိမ်များကို ခံစားပျော်ပါးချင်ကြပါသော်လည်း ကံမတူသောအခါ တောင်းတိုင်းမရ တ တိုင်းမပေါ် အကြံချော်ပြီး အမြော်စွမ်းဟုန် မပြည့်စုံဘဲ ရှိကြလေကုန်သည်လို့ မိန့်ကြားတော်မူခဲ့ပါတယ်။ ဤကဲ့သို့ လောကမှာ သတ္တ၀ါတွေ ဘ၀အမျိုးမျိုး ဆင်းရဲချမ်းသာအစားစား အဆင့်အတန်းတွေကွဲပြားနေကြတာကို ကံသဘောနဲ့ အကျေနပ်ဆုံးဖြစ်အောင် ရှင်းပြနိုင်တယ်။ ကမ္မ၀ိဘင်္ဂသုတ်တော်မှာ သုဘလုလင် လျှောက်ထား၍ မြတ်စွာဘုရားဖြေကြားတော်မူခဲ့ပါတယ်။အရှင်ဘုရား…လောကမှာ လူဖြစ်ချင်းတူပါလျက် တချို့က အသက်ရှည်ပြီး တချို့က အသက်တိုကြတယ်၊ တချို့က အနာကင်းပြီး တချို့က အနာရောဂါထူပြောကြပါတယ်၊ တချို့က အမျိုးမြတ်ပြီး တချို့က အမျိုးယုတ်ကြပါတယ်၊ တချို့က ချမ်းသာပြီး တချို့က ဆင်းရဲကြပါတယ်၊ တချို့က ရုပ်လှပြီး တချို့က အကျည်းတန်ကြတယ်၊ တချို့က ဉာဏ်ပညာထက်မြက်ပြီး တချို့က ဉာဏ်ပညာထုံထိုင်းကြပါတယ်၊ ဒါတွေဟာ ဘယ်အကြောင်းကြောင့်ဖြစ်ရတာပါလဲဘုရား..။သုဘလုလင်…ကံက သတ္တ၀ါတွေကို အမျိုးမျိုးအဖုံဖုံဝေဖန်ပိုင်းခြားထားပါတယ်၊ အတိတ်က သူတစ်ပါးအသက်သတ်ခဲ့တဲ့ သူတွေဟာ ဒီဘ၀မှာ အသက်တိုကြတယ်၊ သူ့အသက်သတ်ခြင်းကို ရှောင်ကျဉ်ခဲ့တဲ့သူတွေဟာ ဒီဘ၀မှာ အသက်ရှည်ကြပါတယ်၊ အတိတ်က သူတစ်ပါးကို ညှင်းပန်းနှိပ်စက်ခဲ့တဲ့သူတွေဟာ ဒီဘ၀မှာ အနာရောဂါများကြတယ်၊ ညှင်းပန်းနှိပ်စက်မှုကို ရှောင်ကြဉ်ခဲ့တဲ့သူတွေဟာ ဒီဘ၀မှာ အနာရောဂါကင်းကြပါတယ်။သုဘလုလင်…အတိတ်ကမာနကြီးတဲ့သူတွေဟာ ဒီဘ၀မှာ အမျိုးယုတ်ညံ့ကြရတယ်၊ မိမိကိုယ်ကို နှိပ့်ချခဲ့တဲ့သူတွေဟာ ဒီဘ၀မှာ အမျိုးမြတ်ကြတယ်၊ အတိတ်က ပေးကမ်းလှူဒါန်းခဲ့တဲ့သူတွေမှာ ဒီဘ၀မှာ ချမ်းသာကြရတယ်၊ မပေးကမ်းမလှူဒါန်းခဲ့တဲ့သူတွေဟာ ဒီဘ၀မှာ ဆင်းရဲကြရတယ်။ အတိတ်က ဒေါသကြီးခဲ့တဲ့သူတွေဟာ ဒီဘ၀မှာ အရုပ်ဆိုးကြရတယ်၊ အတိတ်က သည်းခံခဲ့ကြတဲ့ သူတွေဟာ ဒီဘ၀မှာ ရုပ်အဆင်းလှပကြရတယ်။သုဘလုလင်…အတိတ်ကမနာလိုဝန်တိုကြသူတွေဟာ ဒီဘ၀မှာ အခြွေအရံနည်းကြတယ်၊ မနာလိုဝန်တိုမှုမဖြစ်ခဲ့တဲ့သူတို့ဟာ ဒီဘ၀မှာ အခြွေအရံများကြတယ်၊ အတိတ်က ရှာဖွေစူးစမ်းမှုတွေကို အများအပြားလုပ်ခဲ့တဲ့သူတွေဟာ ဒီဘ၀မှာ ဉာဏ်ပညာကြီးကြတယ်၊ ရှာဖွေစူးစမ်းမှုမပြုခဲ့တဲ့သူတွေဟာ ဒီဘ၀မှာ ဉာဏ်ပညာနည်းကျရတယ်။ ဤသို့ မိန့်ကြားတော်မူခဲ့ပါတယ်။ ဓမ္မပဒကထာ၌လည်း ပြစ်မှားလိုတဲ့ စိတ်နဲ့ပဲဖြစ်ဖြစ်၊ ကြည်လင်သန့်ရှင်းတဲ့စိတ်နဲ့ ဖြစ်ဖြစ် ပြုလုပ်မိ ပြောဆိုမိ ကြံစည်မိ လျှင် အစဉ်တစိုက်ပြန်၍ လိုက်တတ်ပေသည်ကို-
မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ၀ဟတော ပဒံ။
နာမ်ခန္ဓာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ၀န်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။မနသာ စေ ပသန္နေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။တတော နံ သုခမနွေတိ၊ ဆာယာဝ အနပါယိနီ။
နာမ်ခန္ခာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ သန့်ရှင်းကြည်လင်သောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို(ပြောဆို ပြုလုပ် ကြံစည်)သောကြောင့် အရိပ်သည် (လူကို)မစွန့်မူ၍ အစဉ် လိုက်သကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။အချုပ်အားဖြင့်ဆိုရသော် ဖြစ်ပြီးတဲ့ အကုသိုလ်တရားတွေ ပပျောက်အောင်၊ မဖြစ်သေးတဲ့ အကုသိုလ်တရားတွေကိုလဲ နောက်ထပ်မဖြစ်ရအောင် အားထုတ်ရမယ်လို့ သတိပေးသောအားဖြင့် သမ္မပ္ပဓါန်တရားလေးပါး၌ -ဥပ္ပန္နာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ၀ါယမော၊အနုပ္ပန္နာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ၀ါယမော။ လို့ ဟောတော်မူခဲ့ပါတယ်။ဒီလို အကုသိုလ်တရားတွေ ပပျောက်အောင်၊ မဖြစ်သေးတဲ့ အကုသိုလ်တရားတွေကိုလဲ နောက်ထပ်မဖြစ်ရအောင် တားဆီးခုတ်ထွင် သုတ်သင်နိုင်တဲ့ အင်အားအလွန်ကောင်းသော ကုသိုလ်ကံကတော့ တစ်ခြားကို အတွေးချော်ပြီး အမှတ်မမှားကြပါနဲ့၊ လောကုတ္တရာဆိုတဲ့ မဂ်တရားပါပင် ဖြစ်ပါသည်။ သာဓကအားဖြင့်ကြည့်သော် ရာဇဂြိုလ်ပြည်က တမ္ပဒါဋ္ဌိက လူသတ်ယောကျာင်္း သည် ၅၅နှစ်တိုင်တိုင် ရာဇ၀တ်သင့်သူတွေကို သတ်ဖြစ်ပြီး အမှုထမ်းခဲ့ရာမှ အငြိမ်းစားယူတဲ့နေ့မှာ ရှင်သာရိပုတ္တရာ၏ လောကုတ္တရာတရားတော် အနည်းငယ်မျှ ကြားနာရပြီး သောတာပတ္တိမဂ်၏အနီး အနုလောမခန္တီ(ယခုအခေါ် စူဠသောတပန်) အဖြစ်ရောက်သွားပါတယ်။ ထိုမှပင် စုတိစိတ်ကျပြီး နတ်ပြည်သို့ရောက်ကြောင်းကို ဓမ္မပဒပါဠိတော် တမ္ပဒါဋ္ဌိက စောရဃာတက၀တ္ထု မှာ ဟောတော်မူခဲ့ပါတယ်။ ကျုန်ုပ်တို့ သန္တာန်ကစိတ်များကို စာရင်းချုပ်မယ်ဆိုရင် အကုသိုလ် အာသန္နကံ နှိပ်စက်ခြင်းဘေးမှ ကင်းဝေးနိုင်ရန် အလွန်အမင်း ထိတ်လန့်စရာပါ။ စိတ်ချ လက်ချ အားကိုးရာအစစ်ကို ရှာဖွေကြပါ။ ဒါဆိုရင် တစ်ခြားကို မကြည့်ပါနဲ့ မဖြစ်ဘူးသေးတဲ့ မလုပ်ဘူးသေးတဲ့ ၀ိပဿနာ တရားပါပဲ။ ၀ိပဿနာတရားအားထုတ်လို့ ယခုဘ၀မှာဘဲ တမဂ် တဖိုလ် မရနိုင်ပါသော်လည်း သေခါနီးမှာ အကုသိုလ် အာသန္နကံ မနှိပ်စက်နိုင်၊ သုဂတိဘုံသို့သာ ရောက်နိုင်ကြောင်းကို ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ၌-ဒမ္ပန ပဋိပတ္တိ နိဿာယ ဒိဋ္ဌေ၀ ဓမ္မေ အမတပရိယောသာနံ အနဘိသမ္ဘူနန္တော သုဂတိပရာယနော ဟောတိ။ဝိပဿနာတရားကို ကြိုးစားအားထုတ်ခြင်းဖြင့် ယခုဘ၀မှာပင် တမဂ် တဖိုလ် မရနိုင် မရောက်နိုင်ပါသော်လည်း သေခါနီးဆဲဆဲမှာ အကုသိုလ် အာသန္နကံ ကပ်ပြီး တော့ မနှိပ်စက်နိုင်ပါ။ ကောင်းရာ သုဂတိဘ၀သို့သာ အမှန် ရောက်ရမယ် လို့ ဆိုပါတယ်။ ထို့ကြောင့် အကုသိုလ်တွေကို ပယ်ဖျောက်သုတ်သင် ခုတ်ထွင် ရှင်းလင်းပြီး အပါယ်ဘေးကြီးမှ တကယ်အေးစေနိုင်တဲ့ ၀ိပဿနာ တရားတော်မြတ်ကို အပတ်တကုပ်ကြိုးစား အားထုတ်ရန် ကောင်းမြတ်သော စိတ်ထားဖြင့် ဓမ္မဒါနပြုအပ်ပါသည် သပ္ပုရိသ သူတော်ကောင်းအပေါင်းတို့…။
သူတော်ကောင်းအပေါင်းတို့ စာဖတ်၍နားမလည်ခဲ့သည်ရှိသော် အောက်ဖော်ပြပါနှင့် ဆက်စပ်ကြည့်လျှင် နားလည်လိမ့်မည်ဟု ယူဆမိပါသည်။အကျိုးပေးသောကံများ
(၁) ဂရုကံ
(၂) အာစိဏ္ဏကံ
(၃) အာသန္နကံ
(၄) ကဋတ္တာကံ
အကျိုးပေးသောကာလခေါ်ဆိုမှု
(၁) ဒိဋ္ဌဓမ္မဝေဒနိယက
ံ(၂) ဥပပဇ္ဇဝေဒနိယကံ
(၃) အပရာပရိယဝေဒနိယကံ

ပြုလုပ်မှု ဇော(၇)ခု(အဘိဓမ္မာ စိတ်၊ စေတသိက်တွင် စိတ်တစ်ခုဖြစ်တိုင်း ဇောစေတနာအပါအ၀င် စေတသိက်(၇)လုံး ယှဉ်စပ်မှ အာရုံယူခြင်းကိစ္စ ပြီးမြောက်၏)

(၁) ပထမဇော(စေတနာ)
(၂) အလယ်ငါးဇော
(၃) သတ္တမဇော

ကိုပြည်ဇော်၏ ဓမ္မဒါနအားဆက်လက် ဒါနပြုအပ်ပါသည်။

Tuesday, September 9, 2008

ခန္ဓာဥာဏ်ရောက်သောကပျောက်သူပဋာစာရီ


ဘယ်လောက်ပဲပုထုဇဉ်ဟာလောကီအမြင့်တန်းကိုရောက်ရောက်သူ့အဖြစ်ဟာမြတ် သောအဖြစ်မဟုတ်သေးဘူးဆိုတာသိသင့်ပါတယ်။


ဘာဖြစ်လို့လဲဆိုတော့သူဟာလောကီအောင်မြင်မှုတွေအပေါ်မှာပြုံးရွှင်ရယ်မောနေသကဲ့သို့လောကီဆုံးရှုံးမှုတွေနှင့် ရင်ဆိုင်ရတဲ့အခါတုန်လှုပ်ခြင်းများစွာနဲ့ပူဆွေးငိုကြွေးတတ်လို့ပဲဖြစ်ပါတယ်။အချစ် ဆိုတဲ့တွယ်ညှိတဲ့သံယောဇဉ်ရမ္မက်တဏှာရာဂတွေကြောင့်အနတဂ္ဂသံသရာမှာပု ထုဇဉ်တို့ငိုကြွေးခဲ့ရတဲ့မျက်ရည်ဟာသမုဒ္ဒရာလေးစင်းကရေထက်တောင်မှပိုပြီးပိုပြီး များနေသေးတယ်လို့မြတ်စွာဘုရားကပဋာစာရီသူဌေးသမီးကိုဆုံးမစဉ်ကဟော ကြားတော်မူဖူးပါတယ်။


ဘယ်လိုလဲသိရအောင်ပဋာစာရီသူဌေးသမီးရဲ့အဖြစ်သနစ် ကိုစူးစမ်းကြည့်ကြပါစို့။


ပဋာစာရီဟာသာတ္ထီပြည်ကအလွန်အဆင်းလှတဲ့သူဌေးသမီး ရှုမငြီးမို့မိဘများကသူ့ကိုဘုံခုနစ်ဆင့်မှာတင်ပြီးစောင့်ရှောက်မွေးမြူခဲ့ကြပါတယ်။ ဒါပေမယ့်ဘုံခုနစ်ဆင့်မှာနေခဲ့ရတဲ့ပဋာစာရီဟာအမြတ်တရားကိုမမြင်ခဲ့ရရှာပါဘူး။ ဒါကြောင့်ပုထုဇဉ်မျက်ကန်းသဖွယ်ကြီးကျယ်တဲ့အမှားတွေကိုဆက်တိုက်ပြုလုပ် ခဲ့ပါတယ်။ဘုံခုနစ်ဆင့်မှာနေ့စဉ်သူ့ကိုအလုပ်အကျွေးပြုတဲ့ကျွန်ယောင်္ကျားတယောက် နဲ့မိုက်မှားကျူးလွန်တယ်။ဒီအဖြစ်ကိုမိဘတွေသိမှာစိုးလို့မကြာခင်မှာပဲမိဘများမသိ အောင်ဒီကျွန်ငယ်နှင့်ထွက်ပြေးကြတယ်။


အတိတ်ဘ၀ကံကဘယ်လောက်ပဲအကျိုးပေးကောင်းခဲ့သော်လည်းပဋာစာရီရဲ့ပစ္စုပ္ပန်ကံနုံချာမှုကြောင့် ဘုံခုနှစ်ဆင့်စံသူဌေး သမီးဟာချက်ချင်းဘုံလျှောပြီးပြာပုံပေါ်ကိုရောက်သွားရတဲ့အဖြစ်ကိုလူသားတိုင်း ဆင်ခြင်စေချင်ပါတယ်။ဒီလိုကျွန်ကိုလင်လုပ်ပြီးပဋာစာရီဟာလင်နဲ့အတူရွာတရွာ မှာဆင်းဆင်းရဲရဲလုပ်ကိုင်စားသောက်နေရရှာတယ်။နောက်ကိုယ်ဝန်လစေ့လာတဲ့ အခါသူ့စိတ်မှာမိဘများထံပြန်ပြီးမီးဖွားချင်တဲ့ဆန္ဒပြင်းထန်လာပြန်တယ်။ဒီအကြောင်း လင်ကိုပြောတော့လင်ကသဘောမတူဘူး။ဒီအခါမှာပဋာစာရီဟာသူလုပ်ချင်တာ ကိုဇွတ်လုပ်တယ်။လင်မရှိတဲ့အချိန်မှာအိမ်နီးနားချင်းတွေကိုပြောပြီးသူ့သဘောနဲ့ သူ့မိဘများရှိရာကိုထွက်သွားပါတယ်။လင်ပြန်လာတော့အကြောင်းစုံသိရပြီးသူ့ နောက်ကလိုက်ပါလာတယ်။လမ်းမှာတွေ့တော့ရှေ့ဆက်မသွားဖို့လင်ကအတန် တန်တားတယ်။သူကတော့လက်မခံဘူး။ဒီအချိန်မှာကမ္မဇလေကလှုပ်လာတယ်။ ဒါနဲ့နီးရာချုံထဲကိုဝင်ပြီးသားဖွားခြင်းကိစ္စပြီးစီးလိုက်ရတယ်။

နောက်တကြိမ်ကိုယ် ၀န်ရင့်မာလာပြန်တော့လည်းပဋာစာရီဟာမိဘတွေဆီကိုသွားချင်တဲ့စိတ်အပြင်း အထန်ဖြစ်ပေါ်လာပြန်တယ်။ရှေးနည်းအတူသားငယ်ကိုချီပြီးထွက်သွားပြန်ပါတယ်။ လင်ကနောက်ကလိုက်သွားပြီးတားလည်းမရပါဘူး။ဒီလိုတားလို့မရလို့ရှေ့ဆက် သွားကြတော့မိုးသက်လေပြင်းကျလာတယ်။ဒီအခါမှာပဲပဋာစာရီရဲ့ကိုယ်မှာ ကမ္မဇလေလှုပ်လာပြန်တယ်။ဒီတော့မှလင်ကိုမိုးလှုံရာကိုပြပါလို့ဆိုတယ်။ဒီကွင်း ခေါင်ခေါင်ကြီးထဲမှာဘယ်မှာမိုးလှုံရာရှိပါ့မလဲ။လင်လည်းအနီးအနားကိုကြည့်လိုက်တော့တောင်ပို့ကလေးတခုပေါ်ကချုံတစ်ချုံကိုမြင်တာနဲ့သူ့လက်ထဲပါလာတဲ့ပဲခွပ် နဲ့ခုတ်ထွင်ပါတယ်။အဆိပ်ပြင်းထန်တဲ့မြွေတကောင်ဟာတောင်ပို့ထဲကထွက်ပြီး သူ့လင်ကိုကိုက်လိုက်တာပွဲချင်းပြီးအသက်ကုန်ရရှာပါတယ်။ပဋာစာရီခမျာမှာ လည်းဆင်းရဲကြီးစွာခံစားရရင်းကလင်ကိုမျှော်နေတုန်းမှာပဲသားကိုဖွားပါတယ်။ သားနှစ်ယောက်ဟာပြင်းထန်လှတဲ့လေဒဏ်မိုးဒဏ်ကိုမခံနိုင်ဖြစ်ပြီးငိုကြွေးရှာ တယ်။ပဋာစာရီဟာသားနှစ်ယောက်ကိုရင်ခွင်ကြားမှာထား၊ဒူးနှစ်ဖက်ကိုမြေမှာ ထောက်ပြီးတစ်ညလုံးဒုက္ခကြီးစွာခံရရှာတာပေါ့။


နောက်တနေ့အာရုံတက်ချိန် ရောက်မှသားငယ်ကိုရင်ခွင်မှာချီ၊သားအကြီးကိုလက်ကဆွဲပြီးလင်ကိုလိုက်ရှာ ရတယ်။တောင်ပို့ပေါ်မှာသေနေတဲ့လင်ကိုမြင်လိုက်ရတော့“အမလေး၊ငါ့လင် ငါ့ကြောင့်သေရပါပေါ့လား“လို့်ငိုကြွေးမြည်တမ်းပြီးခရီးဆက်ခဲ့ပါတယ်။ညက တစ်ညလုံးမိုးရွာထားတဲ့အတွက်အစိရ၀တီမြစ်ရေတွေလည်းလျှံနေပါတယ်။ပဋာ စာရီဟာဒီမြစ်ကိုသားနှစ်ယောက်လုံးကိုချီပြီးဖြတ်မကူးဝံ့ဘူး။ပထမသားငယ်ကို ချီပြီးတဖက်ကမ်းကိုကူးတယ်။ဟိုဘက်ကမ်းကိုရောက်တော့သစ်ခက်ချိုးခင်းပြီး သားငယ်ကိုသိပ်ထားခဲ့တယ်။ပြီးမှဒီဘက်ကမ်းကိုပြန်ကူးလာတယ်။ပြန်ကူးနေစဉ် မြစ်လယ်ရောက်တော့စိတ်မချလို့သူ့ခမျာသားငယ်ရှိရာဘက်ကိုပြန်ကြည့်ပြန်ကြည့် နှင့်ပေါ့။ဒီအချိန်မှာစွန်ကြီးတစ်ကောင်ဟာမွေးကင်းစကလေးကိုမြင်တဲ့အခါသား တစ်ထင်ပြီးထိုးသုတ်ဖို့ကောင်းကင်ကဆင်းလာပါတယ်။ပဋာစာရီဟာလည်းမြစ်လယ် ကနေလက်နှစ်ဖက်ကိုမြှောက်ပြီးအားကုန်အော်ဟစ်ပါတယ်။ဒါပေမယ့်ဝေးတော့ စွန်ကမကြားဘူး။သူအော်တာကိုတဖက်ကမ်းမှာထားခဲ့တဲ့သူ့သားအကြီးကောင် ကကြားတယ်။သူ့မိခင်သူ့ကိုခေါ်တယ်ထင်ပြီးကလေးကမိခင်ရှိရာရေထဲကိုဆင်း လိုက်လာတယ်။ရေစီးသန်တဲ့အစိရ၀တီမြစ်ထဲမှာဒီကလေးမျှောပါသွားပါတော့တယ်။

ပဋာစာရီဘ၀မှာလည်းလင်လည်းသေပြီ၊သားနှစ်ယောက်လည်းဆုံးပြီဖြစ်
လို့ယူကြုံးမရအပူလုံးကြွပြီးဆောက်တည်ရာမဲ့တစာစာငိုကြွေးသွားနေစဉ်
မှာရှေ့ကလာတဲ့ယောက်ျားတယောက်ကိုတွေ့တော့သာဝတ္တိပြည်မှာရှိတဲ့
သူ့မိဘများအကြောင်းကိုမေးတယ်။ဒီယောင်္ကျားက`ညကရွာတဲ့မိုးသက်
လေပြင်းကြီးကြောင့်သူဌေးလင်မယားနဲ့သားသုံးယောက်စလုံးဟာအိမ်ပြိုပြီး
ဆုံးရှာပြီ၊ထင်းပုံတစ်ခုတည်းမှာမီးသဂြိုလ်လိုက်ရပြီ“လို့ပြောတဲ့စကားကိုကြား
ရပြန်တယ်။ဒီတင်ပဋာစာရီဟာလုံးလုံးဆောက်တည်ရာမဲ့ဖြစ်ပြီးသွက်သွက်
ခါရူးသွားပါတော့တယ်။သူ့ကိုယ်ကထဘီကျွတ်ကျသွားတာကိုတောင်သူမသိ
တော့ပါဘူး။ဝတ်လစ်စလစ်နဲ့ပဲငိုကြွေးရင်းချာချာလည်သွားနေပါတော့တယ်။
လူတွေကတော့သူ့ကိုအရူးမကြီးလို့ခေါ်ပြီးဝိုင်းဝန်းပုတ်ခတ်ကြတာပေါ့။ဒီလို
ဆောက်တည်ရာမဲ့ဝတ်လစ်စလစ်နဲ့ပဲအရူးမဘ၀နဲ့ယောင်လည်လည်သွား
နေတုန်းမြတ်စွာဘုရားတရားပွဲကျင်ပရာဇေတ၀န်ကျောင်းတော်ရှေ့ကိုရောက်
သွားပါတယ်။ပရိသတ်က၀တ်လစ်စလစ်နဲ့လူကြားထဲဝင်လာတဲ့သူမကိုမြင်
တော့အရူးမမလာစေနဲ့လို့ဆိုကြတယ်။


ဒီအခါမြတ်စွာဘုရားကဒီအရူးမကို
မတားကြနှင့်လို့မိန့်ကြားပါတယ်။ပဋာစာရီလည်းဝင်လာပါတယ်။မနီးမဝေး
ရောက်တော့ဘုရားရှင်က`နှမ! သတိကိုရစေတော့“လို့မိန့်တော်မူလိုက်ပါတယ်။
ပဋာစာရီဟာဘုရားရဲ့အာနုဘော်ကြောင့်ချက်ချင်းသတိရသွားပါတယ်။
သူ့မှာထမီမပါတဲ့အဖြစ်ကိုသိပြီးရှက်စိတ်လည်းဝင်လာပါတယ်။ရှက်ပြီးကျုံကျုံ
ထိုင်လိုက်တဲ့အခါအနီးကယောင်္ကျားတစ်ဦးကအပေါ်ရုံအ၀တ်ကိုပစ်ပေးလိုက်
တယ်။ပဋာစာရီလည်းအ၀တ်ကိုဝတ်ပြီးဘုရားထံချဉ်းကပ်လျှောက်ထားပါတယ်။

`တပည့်တော်မ၏မှီခိုရာဖြစ်တော်မူပါဘုရား၊တပည့်တော်မမှာသားတစ်
ယောက်ကိုစွန်ချီသွားပါပြီ၊ကျန်သားတယောက်ကရေထဲမျောသွားပါပြီ၊
လင်လည်းသေဆုံးသွားပါပြီ၊မိဘနှင့်မောင်သုံးဦးစလုံးလည်းထင်းပုံတစ်ခု
တည်းအပေါ်မှာမီးသဂြိုလ်လိုက်ရပါပြီဘုရား“လို့လျောက်ထားတယ်။
ဒီအခါမြတ်စွာဘုရားက


" ချစ်သမီးပဋာစာရီမစိုးရိမ်ပါနှင့်၊စောင့်ရှောက်မှီခို
အားထားနိုင်သူထံကိုသင်ချစ်သမီးရောက်ပြီပဲ၊သင့်သား၊သင့်လင်၊သင့်မိဘ၊
သင့်မောင်များလိုပဲသံသရာတလျောက်လုံးမှာချစ်သူခင်သူတွေသေဆုံး
တုန်းကသင်ငိုကြွေးခဲ့ရတဲ့မျက်ရည်တွေဟာသမုဒ္ဒရာလေးစင်းမှာရှိတဲ့
ရေတွေထက်တောင်များပါသေးတယ်“

လို့မိန့်တော်မူလိုက်ပါတယ်။

မြတ်စွာဘုရားတရားစကားကိုကြားလိုက်တာနဲ့တစ်ပြိုင်နက်ပဋာစာ
ရီရဲ့ရင်ထဲမှာစိုးရိမ်ခြင်းသောကတွေလျော့နည်းကျဆင်းသွားတယ်။
ဒီလိုသူ့ရင်ထဲကအပူမီးလျော့ကျသွားတဲ့အချိန်မှာမြတ်စွာဘုရားကထပ်
ပြီးဟောတော်မူတယ်။

" တမလွန်ဘ၀ကိုရောက်သွားတဲ့လူတွေကိုစောင့်
ရှောက်ပြီးနိဗ္ဗာန်ရောက်ကြောင်းလမ်းခရီးကိုသာသုတ်သင်သင့်တယ်။“
ဆိုပြီးဟောတော်မူပါတယ်။


မြတ်စွာဘုရားရဲ့တရားအဆုံးမှာပဋာစာရီဟာ
သောကကင်းပျောက်ပြီးသောတာပန်အဖြစ်ကိုရောက်သွားပါတော့တယ်။

နောက်ပဋာစာရီဟာဘုရားရှင်ထံပါးမှာရဟန်းပြုခွင့်ကိုတောင်းပါတယ်။
ရဟန်းပြုပြီးနောက်တနေ့မှာပဋာစာရီဟာရေအိုးနှင့်ရေကိုယူပြီးခြေဆေးနေစဉ်
ပထမလောင်းလိုက်တဲ့ရေဟာနည်းနည်းသာစီးသွားပြီးပြတ်သွားတယ်။ဒုတိယ
လောင်းလိုက်တဲ့အခါရေဟာနည်းနည်းပိုဝေးတဲ့အထိစီးသွားတာကိုမြင်လိုက်
တယ်ဆိုရင်ပဲရေကိုအာရုံပြုပြီးသူဟာအရွယ်သုံးပါးကိုပိုင်းခြားထင်ထင်ဆင်ခြင်
နေပါတော့တယ်။မြတ်စွာဘုရားဟာဒီအချိန်မှာဂန္ဓာကုကဋိတိုက်တော်တွင်းမှာ
နေလျက်ပင်ရောင်ခြည်တော်ကိုပျံ့နှံ့တော်မူပြီးရှေ့မှာကိုယ်တော်ထင်ရှားပြ
လျက်မိန့်တော်မူတယ်။


“ချစ်သမီးပဋာစာရီသင်ယခုဆင်ခြင်တဲ့အတိုင်းမှန်တယ်။
ခန္ဓာငါးပါးတို့ရဲ့အဖြစ်အပျက်ကိုမမြင်ဘဲနှင့်အနှ်တစ်ရာသက်ရှင်ပြီးနေရတာထက်
အဲဒီခန္ဓာငါးပါးတို့ရဲ့အဖြစ်အပျက်ကိုသိမြင်တဲ့သူအနေနှင့်တရက်တည်းအသက်ရှင်ပြီး
နေရခြင်းကပိုမြတ်တယ်“
တဲ့။


ပဋာစာရီဟာဒီတရားကိုကြားပြီးမကြာခင်မှာ
ရဟန္တာဖြစ်သွားပါတယ်။တကယ်ဆိုတော့ပဋာစာရီဆိုတော့အလွန်အဆင်းလှတဲ့
မိန်းကလေးရဲ့သူဌေးသမီးဘုံမြင့်စံဘ၀ဟာမြတ်သောဘ၀မဟုတ်ပါဘူး။
ဒါကြောင့်လည်းသူဟာမိုက်တွင်းကြီးနက်ခဲ့တာပေါ့။ဒီလောက်ပြင်းထန်လှ
တဲ့ဆင်းရဲဒုက္ခပရိဒေ၀မီးလျှံတွေရဲ့ဒဏ်ချက်တွေကိုပဋာစာရီဘ၀မှာမရှုမလှ
ခံစားခဲ့ရတာဟာဘယ်သူလုပ်တာလဲ၊စဉ်းစားနေစရာတောင်မလိုပါ။
တကယ်တော့သတ္တ၀ါတွေဒုက္ခဆင်းရဲဖြစ်နေကြတာတွေဟာဘယ်သူမပြုမိမိမှုပါပဲ။
ကိုယ့်ဒုက္ခကိုယ်ရှာတယ်ဆိုတဲ့စကားအတိုင်းသာဖြစ်နေကြတာပါ။အန္ဓပုထုဇဉ်ဟာ
ရုပ်တရားနာမ်တရားတွေရဲ့ဖြစ်ပျက်နေမှုအမှန်ကိုလည်းမြင်နိုင်တဲ့ဥာဏ်မျက်စိမရှိဘူး။
ဒီတော့မြင်မြင်သမျှကိုအရှိတရားတွေလို့မှတ်ပြီးစွဲလမ်းကြတယ်။သံယောဇဉ်
တွေတွယ်နေကြတယ်။ကိုယ်ခင်တွယ်တက်မက်နေတာတွေဟာကိုယ့်ရှေ့တင်
ရုတ်တရက်ပျက်စီးဆုံးရှုံးပြီးကွယ်ပျောက်သွားတာလည်းကြုံရရောပုထုဇဉ်
လည်းရင်ကွဲနာကျရော၊အပူလုံးကြွယူကျုံးမရဖြစ်ပြီးငိုကြွေးပူဆွေးကြပါရော။
ဒါဘာကြောင့်ဖြစ်ရတာလဲဆိုတော့ရုပ်နာမ်နှစ်ပါးခန္ဓာငါးပါးရဲ့အမှန်ဖြစ်တတ်တဲ့
သဘောတွေကိုအမှန်အတိုင်းမမြင်လို့ပေါ့။တလွဲထင်တလွဲမြင်နေလို့
ပေါ့။ခန္ဓာငါးပါးအစုအဝေးတွေကိုငါလို့စွဲတယ်။ငါ့လင်လို့စွဲတယ်။ငါ့သားလို့စွဲ
တယ်။ငါ့မိဘလို့စွဲတယ်။အဲဒီလိုထင်ရှားရှိတဲ့ခန္တာငါးပါးတရား(သက္ကာယ)
ကိုတလွဲတမှားမြင်နေတာ၊ငါ၊ငါ့လင်လို့မှတ်ပြီးစွဲလမ်းယုံမှားနေတာကဒိဠိပဲ၊
ဒီလိုထင်ရှားရှိတဲ့တရားတွေကိုလွဲမှားစွာထင်မြင်မှု(သက္ကာယဒိဠိ)ကြောင့်
သတ္တ၀ါတွေဟာအနမတဂ္ဂသံသရာခရီးမှာအပူမီးတွေလောင်ကျွမ်းပြီးငိုကြီး
ချက်မဖြစ်ခဲ့ရတယ်ဆိုတာကိုပဋာစာရီအမြင်ပေါက်ခဲ့သလိုအမြင်ပေါက်ထား
သင့်ပါတယ်။ဒါကြောင့်အန္ဓပုထုဇဉ်အဖြစ်နှင့်အသက်တစ်ရာရှင်နေရသော်
လည်းအပိုပဲ၊အချည်းနှီးပါပဲ။အဲဒီဘ၀ဟာမိုက်တွင်းနက်နေဆဲဘ၀သာဖြစ်
သေးလို့မမြတ်ပါဘူး။

( ဆရာဆန်းလွင်၏စာအုပ်မှမှီငြမ်းပါသည်။ ခံစားရေးသားသူ Dream )

ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက် - by Hein

( ညီစိုးသူဟိန်း တင်ထားတဲ့ ဆရာတော် အရှင်ဇ၀နရဲ့ တရားတော်ကို ထပ်ဆင့်တင်ပါသည်..။ )
ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်ပန်းတိုင်ကား မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ကိုရကာ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးပင် ဖြစ်ပါ၏ ။

လောက၌ ဘုရားပွင့်တော်မူခြင်းကလည်း ၄င်းရည်ရွယ်ချက်ကြောင့်ပင်ဖြစ်၏ ။

ထို့ကြောင့်လည်း စလင်းကန်လယ်ဆရာတော်ဘုရားကြီးက……

" အိုလူများတို့ ၊ ဘုရားသခင်နှင့် ကိုယ်တိုင်မတွေ့လိုက်ကြရ၍ဘာ ၀မ်းနည်းစရာရှိသလဲ ၊ ယခုအခါ ဓမ္မက္ခန္ဓာ ဘုရားတွေအများကြီး ရှိသေး၏ ။ကံ ၊ ပါရမီရှိလျှင် ရလိမ့်မည်ဟူ၍သာ အေးစက်စက်နေကြလျှင် အများကြီးနစ်နာကြလိမ့်မည် ။ စာမတက်လို့ ဘာမတက်လို့ လဲမလုပ်ကြပါနှင့် ၊ဆရာကောင်းနှင့်တွေ့လျှင် ရနိုင်ပါသည် ။ သို့အတွက် အိုလူများတို့ ၊ ယခုအခါ ကံ ပါရမီကိုမေးရန် မလိုပါ ။ ရှင်ဘုရင်သားဖြစ်ပြီးအိမ်ရှေ့မင်းသားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့မလိုပါ ။မုတ်ဆိတ်ပျားစွဲသူသည် တခြားသွားပြီးပျားဖွတ်ရန်မလို ၊ရန်သူဝိုင်းထားခံရသူသည် ထွက်ပေါက်သိလျက်နဲ့ မထွက်သော် ၊ ကံပါရမီချဖွယ်မလို ၊ အညစ်အကြေးလူးသူသည် ရေစင်ရှိလျက်မဆေးသော်ရေ၌အပြစ်ဆိုဖွယ်ရာမလို ၊ မိမိကသာဖျင်းလို့ ၊ အ လို့ န လို့ ဖြစ်သည် ။ အသေနည်းသေးတယ်လို့သာ ဆိုဖွယ်ကောင်းတော့၏ ။ကြောက်ကြ ၊ လန့်ကြ ၊ ထိတ်ကြ ၊ အိုလူများတို့ ၊ သို့အတွက် တရားအားထုတ်ကြပါကုန်လော့ ။ "

..... ဟူ၍ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရကြောင်းလမ်းဖြစ်သည့် ၀ိပဿနာတရားကို အားထုတ်ကြရန် အရေးတကြီး တိုက်တွန်းတော်မူခဲ့ပါသည် ။

မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ရဖို့ အားထုတ်ခြင်းမှာ ရလာသော လူ့ဘ၀မှ အနှစ်သာရထုတ်ခြင်းတစ်ခုပင် ဖြစ်၏ ။ ထိုကဲ့သို့ အနှစ်သာရထုတ်ချင်လာဖို့ရန် ရှေးဦးစွာ လူ့ဘ၀တန်ဖိုး ၊ ဗုဒ္ဓဘာသာဖြစ်ရခြင်း၏ တန်ဖိုးတို့ကို သိရန်လိုအပ်ပါသည် ။

Posted by Dr Khaing Myo

Monday, September 1, 2008

ကိလေသာ မျိုးဖြုတ်နည်း by U Ottama

ကိလေသာ မျိုးဖြုတ်နည်း by U Ottama
ကိလေသာတောမှာ မောနေကြတဲ့ ၃၁ဘုံသားအားလုံး သိသင့်သိထိုက်တယ်ထင်လို့ ဆရာတော် ဦးဥတ္တမသာရရဲ့ အင်မတန်လေးစားကြည်ညိုဖွယ်ကာင်းလှတဲ့တရားတော် တစ်ပုဒ်ကိုhttp://www.realenlightenment.org/ မှ ကူးယူပြီး ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်..
ဒေါက်တာခိုင်မျိုး(ခေတ္တ-အိန္ဒိယ)
ဝ-၀-၀-၀-ဝ


ဦးဥတ္တမသာရ ( အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ဆရာတော် )၏




ကိလေသာ မျိုးဖြုတ်နည်း

(သို့)

မျက်စိမှိတ်မှိတ်၊ ဖွင့်ဖွင့်အချိန်ပြည့်အနတ္တ တိုက်ရိုက် တရားနှလုံးသွင်းနည်း။`(စိတ်လေ့ကျင့်ခန်း)


အကြောင်းတရားမျိုးစေ့ကြောင့် အကျိုးတရားသစ်ပင်ပေါက်သလို ကံ၊စိတ်၊ဥတု၊အာဟာရ အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်နေရတဲ့ အကျိုးတရားဖြစ်တဲ့ ဓာတ်ကြီးလေးပါးရဲ့အစုအဝေး(မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ် ဆိုတဲ့ရုပ်ဒွါရ)တွေနဲ့ မနောအကြည်တွေဟာ ဖြစ်ပြီး ပြီးချင်း(တစ်စက္ကန့်မျှမကြာသော ကာလအတွင်းမှာပင်)ချုပ်ပျောက်သွားတယ်၊ ကံ၊စိတ်၊ဥတု၊အာဟာရ အကြောင်းတရားအသစ် အသစ်တို့ဆက်ဆက်ပံ့ပိုး နေမှုကြောင့်ဒွါရအသစ် အသစ်တွေမပြတ်တရစပ် အစားပြန်ထိုးနေဖောက် ပြန်ပျက်စီးနေပြန်တယ်။ အစားထိုးလိုက်တဲ့ ဒွါရနဲ့အာရုံ တွေ့ဆုံတဲ့ အချိန်မှာ ဘာအဓိပ္ပါယ် သတ်မှတ်ချက်မှမရှိတဲ့ (ဘာမှမဟုတ်တဲ့)(သိစိတ်) သဘောလေးပေါ်လာတယ်။ပေါ်ပြီးပြီးချင်း ချုပ်သွား သော်လည်းထပ် အစားထိုး နေတဲ့ဒွါရအသစ်အသစ်တွေနဲ့အာရုံအသစ်အသစ် တွေမပြတ်တရစပ်တွေ့ဆုံ နေတဲ့အတွက် ဘာအဓိပ္ပါယ် သတ်မှတ်ချက်မှ မရှိတဲ့(သိစိတ်)သဘောလေးတွေကလည်း မပြတ်တရစပ်ပေါ်နေတယ်။ ဥပမာ မျက်စိအကြည်နဲ့ မြင်စရာအာရုံနဲ့ဆုံတွေ့တဲ့ အကြောင်းကြောင့် ဘာအဓိပ္ပါယ်သတ်မှတ်ချက်မှ မရှိတဲ့(ဘာမှမဟုတ်တဲ့ သိစိတ်)သဘောလေးအကျိုးတရားအဖြစ်ပေါ်လာတယ်။ နားအကြည်နဲ့ ကြားစရာအာရုံနဲ့ တွေ့ဆုံမှုအကြောင်းကြောင့် ဘာမှမဟုတ်တဲ့ သဘောလေးပေါ်လာတယ်၊ မနောအကြည်နဲ့တွေးစရာ၊ သိစရာအာရုံတိုက်ဆိုင်မှု အကြောင်းကြောင့်လည်း ဘာမှမဟုတ်တဲ့သဘောလေးပေါ်လာတယ်။အဲ့ဒါကို မျက်စိမှာပေါ်ရင်မြင်တယ်၊ နားမှာပေါ်ရင်ကြားတယ်၊ မနောမှာပေါ်ရင် တွေးတယ်၊သိတယ်စသည်ဖြင့် သတ်မှတ်ကြတယ်။ အဲဒီသတ်မှတ်ချက်တွေ အပေါ်မှာလည်းအကောင်းအဆိုးလိုက်ခံစားကြရင် ပူလောင်ပင်ပန်းနေကြရတယ်။အဲဒါတွေကြောင့် ဘယ်အကြောင်းတရား၊အကျိုးတရား၊ဘာသတ်မှတ်ချက်အပေါ်မှာမှမမှီခိုတဲ့၊ မငြိတွယ်တဲ့၊ပြုပြင်အစားထိုး၊သတ်မှတ်နေရတဲ့ ဒုက္ခတွေကင်းနေတဲ့ထာဝရ လွတ်မြောက်မှုချမ်းသာအစစ်ကို နားမလည်နိုင်ဘဲ၊ (ရှိမှန်းတောင်မသိဘဲ) ဖြစ်နေကြရတာပါ။


(၁)စိတ်လေ့ကျင့်ခန်း ပထမအဆင့် -



သဘောသက်သက်ကိုသာလက်ခံပြီး တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်ချိန်ချိန်၊တစ်နေရာရာ ဟုလှေနံဓါးထစ်တရားသေ ဆုပ်ကိုင်ထားသောအထင်မှားအစွဲကို ဖြုတ်ခြင်း။မျက်စိမှိတ်ထိုင်နေတယ်ဆိုရင် ခါးနဲ့ခေါင်းကို မတ်မတ်ထားပါ။ တစ်ကိုယ်လုံးမှာရှိတဲ့အကြောတွေကို ကိုယ်သိသမျှ တစ်မျှင်မျှမကျန်အောင် လျှော့ထားပါ။ တကယ်မရှိတဲ့ သတ်မှတ်ချက်ပညတ်လောကထဲကနေ လွတ်မြောက်နိုင်ဖို့ အတွက် အရင်ဦးဆုံးသဘောလေး သက်သက်ကိုသာလက်ခံပြီးတစ်ခုခု၊ တစ်ယောက်ယောက်၊တစ်ချိန်ချိန်၊ တစ်နေရာရာ ဟူသော အစွဲသတ်မှတ်ချက်တွေကို စိတ်ကစွန့်လွှတ်ထားပါ။သွားလာ၊ပြောဆို၊လုပ်ကိုင်၊နေထိုင်၊စကားပြော၊စာဖတ်နေရင်း တရားနှလုံးသွင်းလို့မြင်တဲ့သဘောကထင်ရှားနေရင်လည်း ဘယ်သူ၊ ဘယ်ဝါပဲ၊ ဘာပဲ၊ညာပဲလို့ အဓိပ္ပါယ်မဖွင့်ဆိုဘဲမြင်တယ်ဆိုတဲ့ စကားပညတ် လည်းမပါစေဘဲ မြင်ရုံ သက်သက်သဘောလေး ကိုသာတိုက်ရိုက် သိနိုင်ဖို့ကြိုးစားနေပါ။ ကြားတဲ့သဘောကထင်ရှားနေရင်လည်းကြားတယ်ဆိုတဲ့ စကားလုံးပညတ်မပါစေဘဲ ကြားရုံသက်သက်သဘောလေးကိုသာ တိုက်ရိုက် သိနေပါ၊ဘယ်သူပြောတယ်၊ ငါ့ကိုပြောတယ်၊ဘာတွေ ပြောနေတယ်ဆိုတဲ့ ငါသင်၊ငါတတ်၊ငါသိတွေကို စွန့်လွှတ်ထားပါ။ဝင်လေ၊ထွက်လေကထင်ရှားနေရင်လည်းဝင်လေထွက်လေနဲ့နှာသီးဖျားနဲ့ ထိရုံသက်သက်သဘောလေးကိုသာတိုက်ရိုက်သိနေပါ။ ဝင်တယ်၊ထွက်တယ်၊ရှူတယ်၊ရှိုက်တယ်၊ထိတယ်၊ သိတယ်ဆိုတဲ့ စကားလုံး ပညတ်တွေမပါပါစေနဲ့။ အာရုံပုံရိပ်တွေ ထင်ထင်ရှားရှားပေါ်နေရင်လည်း ဘာပဲညာပဲဆိုတဲ့ ဆိုင်းဘုတ်တွေမပါစေဘဲပေါ်ရုံ သက်သက်သဘောလေးကိုသာ တိုက်ရိုက်သိနေပါ။ စိတ်အားကြီးလို့တစ်ခုခု သိတာထင်ရှားနေ (သို့) နဖူးအထက်မှာစိတ်ရောက် နေတယ်ဆိုရင်လည်း သိရုံ သက်သက်သဘောလေးကိုသာတိုက်ရိုက်သိနေပါ။ နှလုံးသားမှာဖြစ်ဖြစ်၊ ဗိုက်မှာဖြစ်ဖြစ်စိတ်ရောက်နေ တယ်ဆိုရင်လည်း လှုပ်ရုံသက်သက်သဘောလေးကိုသာ တိုက်ရိုက်သိနေပါ။ ဝေဒနာတစ်ခုခုခံစားနေရတယ်ဆိုရင်လည်းနာတယ်၊ ကျင်တယ်၊ကိုက်တယ်၊ခဲတယ်၊မူးတယ်၊မောတယ် ဆိုတဲ့စကားပညတ်တွေ မပါစေဘဲ ဖြစ်ရုံ၊ခံစားရုံ သက်သက်သဘောလေး ကိုသာတိုက်ရိုက်သိနေပါ။ သဘောလေးတစ်ခုဟာတစ်စက္ကန့်ရဲ့အပုံတစ်သိန်းပုံတစ်ပုံတောင်သက်တမ်းမရှိပါဘူး။တစ်ချိန်မှာ သဘောလေး (ဖြစ်ဆဲ စိတ်၊စေတသိက်၊ရုပ် သဘောအစုအပေါင်းတစ်စု)တစ်ခုပဲ ပေါ်ပါတယ်။ သဘောတစ်ခုက အလုပ်တစ်ခုကိုသာလုပ်ပါတယ်။ မြင်တဲ့စိတ်ကမြင်ရုံသက်သက်မျှပဲ၊ မြင်တဲ့အလုပ်တစ်ခုကိုသာ လုပ်ပြီးချုပ်သွားပါတယ်၊ကြားတဲ့စိတ်က ကြားရုံသက်သက်၊ ကြားတဲ့အလုပ်တစ်ခုကို သာလုပ်ပြီးချုပ်သွားပါတယ်။ သိတဲ့စိတ်ကသိရုံသက်သက်မျှပဲ၊ ဘာကိုမှသိတာမဟုတ်ဘဲသိတဲ့ အလုပ်တစ်ခုကိုသာလုပ်ပြီး ချုပ်သွားပါတယ်။ တာဝန်ကိုယ်စီ၊ တစ်စိတ်စီ၊ တစ်ကန့်စီပါ။ ဆွေမျိုးတော့တော်ပါတယ်။ ဒီတစ်စိတ်တည်းတော့ မဟုတ်ပါဘူး။ သဲမှုန်တွေအစုအဝေးကို သဲသောင်ပြင်ကြီး၊ သဲကန္တာရကြီး၊ရေမှုန်တွေအစုအဝေးကို တိမ်တိုက်ကြီး၊ ရေပြင်ကြီး၊ ရေခဲတုံးကြီးလို့၊ ခေါင်း၊ ကိုယ်၊ ခြေလက်အစုအဝေးကို လူလို့၊တိရစ္ဆာန်လို့၊သဘောအသစ်အသစ်(သိစိတ်) လေးတွေ မပြတ်တရစပ် အစားထိုးနေတာကို ငါ့စိတ်လို့ ဆက်စပ်ပေါင်းယူတာတွေဟာမိစ္ဆာဒိဋ္ဌိ အယူမှားပါပဲ။ တစ်ခုတစ်ယောက်တည်းမဟုတ်တာကို တစ်ခု၊တစ်ယောက်တည်းလို့ ယူတာ၊တကယ် မရှိတာကို တကယ်အရှိ လို့ယူတာ၊ဘာမှမဟုတ်တာကိုဘာပဲညာပဲဆိုပြီး အဟုတ်လုပ်တာ မိစ္စာဒိဋ္ဌိပါပဲ။ အဲဒါကြောင့်ဖြစ်ရုံ သက်သက်သဘောလေးကိုသာသိနေပြီးတခြားဘာအသိကိုမှလက်မခံပါနဲ့။ လက်ခံထားတဲ့ သဘော ပရမတ်လေး တွေကိုလည်း အတ္တစွဲနဲ့ငါ့သဘောလေး၊ ဘာသဘော၊ညာသဘော လို့မထင်(မသတ်မှတ်) လိုက်ပါနဲ့။ အာရုံနဲ့ဒွါရပေါင်းဆုံတဲ့ အကြောင်း ကြောင့်ဖြစ်ပေါ်လာတဲ့ ဘာအဓိပ္ပါယ်သတ်မှတ်ချက်မှမရှိတဲ့(ဘာမှမဟုတ်တဲ့) (သိစိတ်) သဘောအကျိုးသက်သက်ပါ၊အကြောင်း ကြောင့်ပေါ်လာတဲ့အကျိုးပဲရှိပါတယ်။ ငါ၊သူ၊ယောက်ျား၊မိန်းမ၊ယောဂီ၊လူကြီး၊ကလေး၊ ဆိုတဲ့နဂိုသညာသိ၊မှတ်သိကို စွန့်လွှတ် ထားပါ။ငါသင်၊ငါတတ်၊ ငါသိတွေဖြစ်တဲ့ဘယ်သူ၊ဘယ်ဝါဆိုတာတွေ အားလုံးကိုစွန့်လွှတ်ထားပါ။စွန့်လွှတ်ရလို့လည်း နှမျှော စရာမရှိပါဘူး။တကယ်ရှိ မဟုတ်ဘဲအထင်ရှိသက်သက်သာဖြစ်တဲ့ စိတ်ကူးထဲကအိမ်ကိုဖြိုရတာပါပဲ။ တကယ်မရှိတဲ့ အထင် (ပညတ်)လောကကနေ တကယ်ရှိတဲ့ပရမတ်လောကထဲကိုဝင်ရမှာပါ။ အခုမှဤအနတ္တတိုက်ရိုက် တရားရှုမှတ်နည်းကိုစသိ သူများအတွက်ပထမဆုံးအကြိမ်စအားထုတ်ရာမှာ စစချင်းဆယ်မိနစ်ခန့်စီ အချိန်ပေးပါ၊သဘောသက်သက်ဆိုတာကို စိတ်ထဲ ကကျေကျေနပ်နပ် လက်ခံနိုင်ပြီဆိုရင်တော့ နောက်ပိုင်းဆက်အားထုတ်ရာမှာ ဤပထမအဆင့်ကပြန်စနေစရာမလိုတော့ပါ။


(၂) စိတ်လေ့ကျင့်ခန်း ဒုတိယအဆင့် -

ဘာမှမဟုတ်ဘူးဆိုတဲ့ စကြဝဠာအနန္တလုံးဆိုင်ရာ၊ သတ္တဝါအနန္တလုံး ဆိုင်ရာ အမှန်တရား(အနတ္တ) ဥပဒေကိုအတိအကျ လက်ခံလိုက်နာပြီးသဘောပရမတ်စွဲကိုပါထပ်ဖြုတ်ခြင်း။ဘာမှမဟုတ်ဘူးဆိုတဲ့ အမှန်တရားအတိုင်းကိုယ့်မှာဖြစ်နေကျ စိတ်တွေကိုဆန့်ကျင်နေတာ၊ ဆက်ဖြစ်ခွင့် မပေးတာ လက်တွေ့လုပ်ရမယ့် ဒုတိယ အဆင့် စိတ်လေ့ကျင့်ခန်းပါပဲ။ ပထမအဆင့်မှာ လက်ခံလိုက်တဲ့သဘောပရမတ်တွေအကုန်လုံးကို (ဖြစ်သမျှ၊ သိသမျှ၊ ပြုလုပ်သမျှ၊ဖြစ်ရုံ၊ သိရုံ၊ပြုလုပ်ရုံသက်သက်ကလေး၊ တစ်စုံတစ်ခု၊တစ်ဦးတစ်ယောက်၊တစ်ချိန်ချိန်၊ တစ်နေရာရာမဟုတ်ဘူး) ဘာမှမဟုတ်ဘူးလို့ ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချပါ။ အဲဒီလို ဘာမှမဟုတ်ဘူးလို့ ဆုံးဖြတ်နေတဲ့ စိတ်ကလေးကိုယ်၌ကိုကဘာမှမဟုတ်တာပါ။ တရားလုပ်ရတဲ့ ရည်ရွယ်ချက်က ငါလို့ဆုပ်ကိုင်စရာမရှိတဲ့ အမှန်တရားကို သိအောင်လုပ်ရတာပါ။ (စိတ်)သဘောတွေကိုရှိတယ်ထင်ပြီး၊ ငါစိတ်ပဲငါပဲလို့ စွဲနေတဲ့အစွ ကိုစွန့်လွှတ်ရတာပါ။ အဲဒါကြောင့် တကယ်မရှိတာကို အရှိထင်တဲ့၊ ဘာမှမဟုတ်တာကို အဟုတ်ထင်တဲ့ အမှားသိတွေကို လုံးဝလက်မခံဘဲ ဘာမှမဟုတ်တဲ့ ပရမတ်သဘာဝကြီးကိုသာ အပြီးအပိုင် ပုံအပ်ယုံကြည်လိုက်ပါ။ ဘာမှမဟုတ်တာကို နားလည်တဲ့ကိုယ်ပိုင် ဥာဏ်မရသေးခင်မှာတော့ ဆရာသမားကို ယုံကြည်တဲ့စိတ်နဲ့ ကိုယ့်ကိုကိုယ်ဘာမှမဟုတ်သလို ဟန်ဆောင်နေပြီးစိတ်ထဲကနေ(သိစိတ်)သဘော လေးတွေကို ဘာမှမဟုတ်ဘူးလို့သာ တရစပ်လိုက်ရွတ်နေလိုက်ပါ။ တရားမထိုင်တဲ့အခါမှာလည်း လုပ်ရင်းကိုင်ရင်းပါတစ်နေကုန် နှလုံးသွင်းနေနိုင်ဖို့ (ကိုယ့်ကိုယ်ကို ဘာမှမဟုတ်ဘူးလို့ ခံယူပြီး ဘာမှမဟုတ်တဲ့ပရမတ် (အနတ္တ)ရှုထောင့်ဘက်ကနေ အမြဲနေတတ်ဖို့ အထိကြိုးစားရပါမယ်။ တစ်သံသရာလုံးကြည့်(သိ) လာခဲ့တဲ့အတ္တ(အမှား)ရှုထောင့်ကိုစွန့်ပြီး ဘာမှမဟုတ်တဲ့ ပရမတ်(အနတ္တ အမှန်တရား) ရှုထောင့်ဘက်ကနေဥာဏ်နဲ့ပြောင်းကြည့်(သိ)ပေးရတာပါ။ စိတ်ကနဂိုလက်ခံပေါင်းနေကျ အာရုံတွေကိုလက်ခံမပေါင်းတာပါ၊ အာရုံတွေ တင်မက၊စိတ်ကိုပါငါ့စိတ်အဖြစ် မသိမ်းပိုက်ဖို့ပါ။ ဘာမှမဟုတ်တာမှအမှန်တရား၊ ဒါဘယ်တော့မှ မပြောင်းလဲတဲ့ သစ္စာတရား၊ဒါကလွဲရင် ကျန်တာတွေ အကုန်အမှားဆိုပြီး ကိုယ့်စိတ်ထဲကိုယ် လက်ခံထားတဲ့ကျန်အမှားတွေကိုအြ<ွကင်းမဲ့ပယ်စွန့်ပြီး ဒီအမှန်တရားတစ်ခုတည်းကိုသာ အချိန်ပြည့် လက်ခံအားကိုး နိုင်ဖို့ကြိုးစားနေရမှာပါ။ စိတ်၊စေတသိက်၊ရုပ် ကိုတစ်ခုခု၊တစ်ယောက်ယောက်အဖြစ်အထင်မှား နေလို့ငါရှိတယ်၊ငါမဟုတ်တဲ့ သူရှိတယ်ထင်ပြီး ငါနဲ့သူနဲ့ရှုပ်နေတာပါ၊အမှန်တရားကစိတ်၊စေတသိက်၊ ရုပ်(ဘာမှမဟုတ်တဲ့ သဘော) သက်သက်ပဲရှိတာပါ၊ဘာမှသိစရာမရှိ၊ဘာမှတွေးနေစရာမရှိ၊ပူစရာငါမရှိ၊ သေစရာအသက်မရှိ၊ ပျက်စီးစရာ တစ်ခုခုမရှိ၊ ဒီအမှန်တရားကို လက်မခံနိုင်တဲ့ကိုယ့်ရဲ့မစင်ကြယ်တဲ့ အမှန်မသိမှုနဲ့ငြိတွယ်တပ်မက်မှု စွမ်းအင်တွေအားလုံးကို ဖြိုခွင်းပစ်ရမှာပါ။ မိဘပဲ၊သားသမီးပဲ၊ ယောဂီပဲဆိုရင် မိဘတာဝန်၊ သားသမီးတာဝန်၊ ယောဂီတာဝန်ရှိစမြဲဖြစ်ပေမယ့် ဘာမှမဟုတ်မှတော့ ဘာမှလုပ်စရာမလို၊ ဘာတာဝန်မှ မရှိပါ။ကိုယ်မှာနဂိုဖြစ်နေကျ စိတ်တွေ၊ဘာပဲညာပဲသိ တဲ့စိတ်တွေပေါ်လာရင်လည်း ဆက်ဖြစ်ခွင့်မပေးဘဲ ဆန့်ကျင်နေပါ။ အလုပ်တွေကိုကြိုးစား ဆန့်ကျင်နေခြင်းဖြင့်ကိုယ် နဂိုမထမ်းဆောင်ဖူးတဲ့ ဘာမှမဟုတ်တဲ့ အနတ္တတာဝန်ကိုကျေပွန်အောင် ကြိုးစားထမ်းဆောင်နေပါ။


(၃)တတိယအဆင့်
(အနတ္တဥာဏ်၏ မျိုးစေ့(ဖြစ်တာတွေရဲ့ ဘာမှမဟုတ်တဲ့အမှန် တရားကို သိတဲ့အသိ) ဖြစ်ပေါ်ခြင်း နှင့်ထိန်းသိမ်း စောင့်ရှောက်ခြင်း)



ကိုယ့်မှာဖြစ်နေကျ စိတ်တွေကိုဆန့်ကျင်နေတာဖြစ်ဖြစ်၊ဘာမှမဟုတ်ဘူးဆိုတာကိုသာ မပြတ်တရစပ် နှလုံးသွင်းနေပါများရင်ဖြစ်ဖြစ် ဘာမှမဟုတ်ဘူးလို့လိုက်ရွတ်နေစရာမလိုတော့ဘဲဘာမှမဟုတ်တာ(အနတ္တ) ကိုခုနှစ်ရက်အတွင်း တိုက်ရိုက်သိလာပါလိမ့်မယ်။ တစ်ခါသိရုံနဲ့ မပြီးဘဲအဲဒီဘာမှမဟုတ်တာကိုသိတဲ့စိတ်ကို မိနစ်ပိုင်းလောက်အထိဆက်ဆက်ဖြစ်အောင်ကြိုးစားဖို့လိုပြန်ပါတယ်။ ကိုယ့်စိတ်ကအကျင့်ပါနေတဲ့ လုပ်ချင်၊ကိုင်ချင်၊ တွေးချင်၊ကြံချင်၊ပြောချင်၊ ဆိုချင်စိတ်တွေ ပေါ်လာရင်လည်း မလုပ်ဘူး၊ မပြောဘူးလို့ တမင်အတ္တနဲ့ထိန်းချုပ်ထားတာမျိုးမဟုတ်ဘဲနဲ့အဲဒါတွေကိုလုပ်ကိုင်တွေးကြံချင်တဲ့စိတ်သဘောလို့ပါ သတ်မှတ်လက်ခံမနေဘဲဘာမှမဟုတ်ဘူး (အနတ္တ)လို့တိုက်ရိုက် သိသိနေနိုင်အောင် ကြိုးစားပါ၊ဘာမှမဟုတ်တာကို ဆက်ကာဆက်ကာ သိသိစပြုလာရင်အဲဒီလို ဘာမှမဟုတ်ဘူး(အနတ္တ) လို့ သိနေတာကိုလည်း ငါသိတယ်လို့လက်မခံဘဲ အနတ္တကအနတ္တကိုသိနေတယ် (သိမှုသက်သက် ကလေးပဲရှိတယ်၊သိသူမရှိဘူး) ဆိုတာကိုပါ လက်ခံနိုင်ဖို့ ဆက်ကြိုးစားပါ။ ဒီလိုဘာမှမဟုတ်တဲ့ အနတ္တ အမှန်တရားဥပဒေကို စိတ်ကလက်ခံလိုက် နာကျင့်သုံးနေတဲ့ကြားထဲက တစ်ငါငါနဲ့ လုပ်ခဲ့တဲ့ အစွဲတွေကြောင့်ဖြစ်နေကျ တွေးစိတ်၊ ပျံ့လွှင့်စိတ်၊ ငိုက်မြည်းစိတ်၊ ကိုယ့်ကိုယ်ကိုရော၊ဒီတရားတော်အပေါ်မှာရောသံသယစိတ် တွေပေါ်လာရင်လည်းဘာမှမဟုတ်မှတော့ ဘာမှဖြစ်စရာမရှိဘူးဆိုပြီး အဖြစ်ကိုလက်မခံတဲ့ စိတ်အသစ်အသစ်ကိုသာ မပြတ်ဖြစ်ခွင့်ပေးပြီး ပေါ် လာတဲ့စိတ်အစဉ်ကိုနှလုံးသားထဲမှာဆက်ဆက်ဖြစ်ခွင့်မရအောင်စိတ်စွမ်းကုန်တိုက်ဖျက်ခြင်းဖြင့်
မိမိရဲ့အနတ္တစိတ်စွမ်းအားကို တစ်ခုခု၊ တစ်ယောက်ယောက်၊တစ်ချိန်ချိန်၊တစ်နေရာရာ စသည်ဖြင့်ဘာကိုမှမသိတော့တဲ့ အဆင့်ရောက်သည်အထိ၊ (ပြုလုပ်မှု၊တစ်ခုခုသိနေမှုကင်းတဲ့ အနတ္တ စိတ်သက်သက်သာကျန်သည်အထိ)အစွမ်းကုန်တိုးမြှင့်ပေးပါ။ ဒီတတိယအဆင့်က စတုတ္ထအဆင့် အနတ္တ ဥာဏ် (ဝိပဿနာဥာဏ်) စစ်စစ်အလိုလိုမပေါ်မချင်း မပြတ်တရစပ်ဆက်တိုက် ပြုလုပ်ရမယ့်အလုပ်ပါပဲ။ ပြီးတော့ ဘယ်တရား အဆင့်ရောက်နေနေ ကိလေသာ အကြွင်းမဲ့ မပပျောက်သေး မချင်း(ကိုယ့်မှာဖြစ်နေကျစိတ်တွေ လုံးဝထပ်မဖြစ်ပေါ်တော့သည်အထိ)ထပ်ပြန်တလဲလဲ ပြုလုပ်ရမယ့်အလုပ်ပါပဲ။


(၄) စတုတ္ထအဆင့်

ဘာမှမဟုတ်ဘူးဆိုတဲ့ စကြဝဠာအနန္တလုံးဆိုင်ရာ၊သတ္တဝါအနန္တလုံးဆိုင်ရာအမှန်တရားကို နားလည်တဲ့ဥာဏ် (အနတ္တ ဝိပဿနာဥာဏ်) အစစ်ပေါ်လာခြင်း
တတိယအဆင့်အလုပ်ကို မပြတ်တရစပ် ပြုလုပ်ပါများရင် စိတ်၊စေတသိက်၊ရုပ်သဘောပရမတ်တွေရဲ့ အနတ္တ အမှန်တရားကိုသိနေတာလည်း ငါသိနေတာမဟုတ်ဘဲ အဲဒီသိတဲ့သဘောလေးကလည်းဘာမှမဟုတ်ဘူး (အနတ္တ)လို့မှန်မှန်ကန်ကန် သိသွားပြီးစတုတ္ထအဆင့် ဖြစ်တဲ့အဖြစ်ကိုမငြိတွယ်တဲ့၊မဆိုင်မှန်းသိတဲ့၊ဘာမှ(တစ်ခုခု) မဟုတ်မှန်းသိတဲ့၊ အနတ္တဥာဏ်၊ ဝိပဿနာဥာဏ်စစ်စစ်ဖြစ်လာပါမယ်။ ဒါမှအမှန်တရားဆိုပြီး စိတ်ဇွဲသန်သန်၊ ဝီရိယကြီးကြီးနဲ့ တစ်စိုက်မတ်မတ်၊တရစပ်လုပ်မှလည်း အမှန်တရားကိုနားလည်နိုင်လောက်သည်အထိ စိတ်စင်ကြယ်မှုစွမ်းအားပြည့်ဝလာပြီး စိတ်ရဲ့ ထုံးတမ်းစဉ်လာကိုပြောင်းလဲတဲ့ ဒီအလုပ်ကို အမြဲအသစ်အသစ်ဖြစ်နေတဲ့ စိတ်ကလေးသက်သက်က လုပ်တတ်စပြုလာမှာပါ၊ အနတ္တအမှန်တရား (သဘာဝတရား)အတိုင်းလုပ်တတ်၊ နေတတ်စပြုလာမှာပါ။များများ လေ့ကျင့်လေ မြန်မြန်နဲ့ပိုပို ကျွမ်းကျင် လာလေလေပါပဲ။ ဖြစ်ပျက်မြင်တယ်လို့ ပြောကြပေမယ့် ဖြစ်သဘောနဲ့ ပျက်သဘော နှစ်ခုစလုံးကို တစ်ဥာဏ် တည်းနဲ့သိနိုင်တဲ့သဘော လုံးဝမရှိပါဘူး။ ဥာဏ်ရိ နေချိန်မှာ တခြားဘာမှ ယှဉ်ဖြစ်ခွင့်မရတဲ့အတွက် အဖြစ်ကို သိနေတာဟာ အမှန်သိကို မဟုတ်ပါဘူး။စိတ်က စိတ်သက်သက်ဘက်ကသာအမှန်သိမယ်ဆိုရင်ကိုယ့်စိတ်အစဉ်မှာသိရုံသက်သက် စိတ်ရှိနေဆဲ အင်မတန် တိုတောင်းတဲ့အချိန်လေး မှာအဲဒီအသိစွမ်းအင်သက်သက်စိတ်ကလွဲလို့အခြားဘာစွမ်းအင်မှ ရှိမနေပါ ဘူး။ အဲဒီတော့ ငါစွဲ ကင်းတဲ့စင်ကြယ်တဲ့စိတ်က ဘာမှသိစရာမရှိပါဘူး။ ဖြစ်ပျက်မြင်တယ် ဆိုတဲ့ စကားပညတ်က တစ်ခုခုပျက်တာကို မြင် တယ်၊ငါမြင်တယ်ဆိုတဲ့ သဘောသက်ရောက်နေ ပါတယ်။ဝိပဿနာအမြင်မှန်က သိစရာမရှိတာ (ဘာမှမဟုတ်တာ)ကို သိကာမတ္တ(သိသူမရှိတဲ့) စိတ်ပါ။ဥာဏ်ပေါ်လာပြီးပြန်ပြန် ပျောက်သွားရင်လည်း ထုံးတမ်းစဉ်လာစိတ်ကို ဆန့်ကျင်တဲ့ဒီအလုပ်ကို မပြတ်တရစပ်ပြုလုပ်နေ ပါ၊ကိုယ့်ရဲ့တစ်ငါငါနဲ့ပြုလုပ်နေကျကာယကံ၊ဝစီကံ၊မနောကံတွေကိုလုံးဝ ထပ်ဖြစ်ခွင့်မရအောင် (သူ့သဘောသူဆောင်ပြီး သူ့အလိုလိုသာ ပြုလုပ်တဲ့၊ဖြစ်နေတဲ့၊အနတ္တစိတ် သက်သက်သာကျန်အောင်) အပြတ်တိုက်ဖျက်နေပါ။ အဲဒီအသိကိုပိုင်နိုင်ဖို့၊ကိုယ်ပိုင်ဥာဏ်စိတ်ဖြစ် ဖို့ကတတ်နိုင်သလောက် ကြာနိုင်သမျှ ကြာကြာဆက်ကာဆက်ကာဖြစ်ဖို့ လိုပြန်ပါတယ်။အရှုံးပေရမှုများ၊ စိတ်ဓာတ်ကျမှု များဘယ်လောက်ပဲ ကြုံတွေ့ရပါစေ ကိုယ့်စိတ်စွမ်းအားနဲ့ပဲဖြစ်ဖြစ်၊ ကိလေသာအောင်ပွဲခံပြီးသား ဆရာသမားရဲ့ စိတ်စွမ်းအားအကူအညီနဲ့ပဲ ဖြစ်ဖြစ် ကိလေသာကို ထပ်ပြန်တလဲလဲတန်ပြန်ထိုးစစ်ဆင်နေခြင်းအားဖြင့် ကိုယ့်စိတ်စွမ်းရည်ကို မြှင့်သထက်မြှင့်လာအောင် ဇွဲနပဲကြီးကြီး ကြိုးစား နေရမှာပါ။


(၅) ပဉ္စမအဆင့်

ပရမတ်နိဗ္ဗာန်ကိုနားလည်တဲ့ မဂ်ဥာဏ်၊ဖိုလ်ဥာဏ် ပေါ်လာခြင်း။


ဖြစ်သမျှ၊သိသမျှ၊ ပြုလုပ်သမျှသဘောတွေရဲ့ ဘာမှမဟုတ်တဲ့ အမှန်တရားကိုချည်း(အဖြစ်ကိုသိတာမဟုတ်ဘဲ၊ဖြစ်တာ တွေရဲ့သုညတသဘောကိုချည်း) ဆယ်မိနစ်၊ဆယ့်ငါးမိနစ်ခန့် မပြတ်သိသိနေပါများရင် (ဆယ်မိနစ်လောက်တစ်ဆက်တည်းသိဖို့ကို မပြတ်တရစပ်ညှိယူနေရမယ့်အချိန်က မနက်ကညနေ၊ ညနေကမနက် (သို့) ၇ရက်(သို့) ၇လ (သို့) ၇နှစ်ကြာကောင်း ကြာနိုင်ပါတယ်။) ရုပ်နာမ် သင်္ခါရတရားတွေရဲ့ဘာမှမဟုတ်တဲ့ သုညတအမှန်တရားတွေနဲ့ ဒါကိုသိနေတဲ့ဝိပဿနာဥာဏ်စဉ်အတွဲတွေ မျိုးဆက် ပြတ်ချုပ်သွားပြီးဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကင်းတဲ့ ပြုပြင်ဖန်တီး၊အစားထိုးနေရခြင်းကင်းတဲ့၊ မပြတ်တရစပ် လိုက်လိုက် သိနေရခြင်းကင်းတဲ့၊ ဘာသတ်မှတ်ချက်အပေါ်မှာမှမမှီခိုတဲ့ လွတ်မြောက်မှုချမ်းသာအစစ်ဖြစ်တဲ့ နိဗ္ဗာန်နဲ့နိဗ္ဗာန်ကို သိတဲ့စင်ကြယ်တဲ့စိတ် (ခန္ခ္ဓာငါးပါးစစ်စစ်) မဂ် ဥာဏ်၊ ဖိုလ်ဥာဏ်အတွဲတွေ(စက္ကန့်ပိုင်းအားဖြင့်) ပေါ်လာပါ လိမ့်မယ်။ နိဗ္ဗာန်ဆိုတဲ့ တစ်ခုတည်းသောခိုင်မြဲရာကို သိမြငရတော့မှလည်း ကိုယ့်ရဲ့ မသိစိတ်မှာ အစဉ်အမြဲ ကိန်းဝပ်နေတဲ့ ငါဆိုတဲ့ အထင်မှားနဲ့ဘုရား၊တရား၊ သံဃာရတနာအစစ်သုံးပါးရဲ့ အားကိုးရာအစစ် အဖြစ်တည်ရှိမှု၊ နေရာပေးထားရမှု အပေါ်မှာ ယုံမှားသံသယအမြစ်ပြတ်သေပြီး မဆုံးနိုင်တဲ့ အမှန်တရားရှာနေရတဲ့ဒုက္ခ၊ အားကိုးရှာနေရတဲ့ဒုက္ခ၊ ချမ်း သာရှာနေရတဲ့ဒုက္ခ၊ ဘုရားရွေး၊ ဘာသာတရားရွေး၊ ရိပ်သာရွေး၊ နည်းလမ်းရွေးနေရတဲ့ဒုက္ခတွေမှ လုံးဝလွတ်မြောက်သွားပါလိမ့်မယ်။ ကိုယ့်အလုပ် အမှားအမှန်ကိုဘာနဲ့မှတိုင်းတာမနေဘဲ ဆက်လက်အားထုတ်ခြင်း(မှန်မှန်ကန်ကန် ကျင့်လို့သိတဲ့အသိကို မှန်မှန်ကန်ကန် ဆက် လက်ကျင့်ကြံအားထုတ်ခြင်း) ဖြင့်သာ (အလုပ်ကို အလုပ်နဲ့သာ)ရှင်းပါ။ စာဖတ်သိကိုစာနဲ့ရှင်းရမှာပါ။ နားထောင်လို့သိတဲ့ အသိကိုသာအမေးနဲ့ရှင်းရမှာပါ။ နောက်တစ်ဆင့်တက်ဖို့ကလည်း ကိုယ့်စိတ်ထဲကမပယ်နိုင်သေးလို့ ကျန်နေ၊ပေါ်နေတာတွေစိတ် ကသိနေတာတွေကို အဲဒီစိတ်ရော အာရုံရောကိုပါ ဘာမှမဟုတ်ဘူးလို့ ယုံကြည်လက်ခံတဲ့စိတ်နဲ့ မပြတ်အစားထိုးဖို့၊ သော တာပတ္တိမဂ်က မပယ်နိုင်သေးလို့ကျန်နေသေးတဲ့ ပစ္စုပ္ပန်စိတ်ကိုဘာမှမဟုတ်ဘူးလို့သာ လက်ခံနိုင်အောင်(ဘာမှမဟုတ်မှန်းသိအောင်) အရင်ထက်ပိုအားကြီးတဲ့ သတိ၊ဝီရိယ၊ သမာဓိပညာအားနဲ့ အရင်နည်းအတိုင်းပြန်ကြိုးစားဖို့ပါပဲ။ ဒီလိုနဲ့ကိုယ့်ရဲ့နဂိုစိတ်နဲ့တကွ ကိုယ့်စိတ်အစဉ်မှာ တစ်ငါငါနဲ့သိ ထားသမျှတွေကို ဘာတစ်ခုမှမကျန်အောင်၊ နောက်ထပ်လုံးဝထပ်မံပေါ်မလာတော့အောင် အဆင့်ဆင့် တိုက်ဖျက်ပစ်နိုင်ပြီဆိုရင် တော့နောက်ဆုံးမှာ အဲဒီအင်အားအကြီးဆုံးအောင်ပွဲခံ အနတ္တစိတ်နဲ့သာ အမှီအခိုကင်းကင်း၊အပူကင်းကင်း(အဒေါသ)၊ အလို ကင်းကင်း(အလောဘ)၊ ငါဆိုတဲ့အထင်မှားကင်းကင်း(အမောဟ)၊ လိုလေသေးမရှိ၊ ချမ်းချမ်းသာသာ၊ ပြည့်ပြည့်စုံစုံ နေရုံပါပဲ။ ဘုရား၊ရဟန္တာဆိုတာ ကိုယ့်အတွက်ရှင်သန်ခြင်းမဟုတ်ဘဲ အများအတွက်(သစ်ပင်တစ်ပင်လို)အတ္တမဲ့ ရှင်သန်ခြင်းပါ။ဘယ်တော့မှမသေတဲ့ အသက်မဲ့၊ထာဝရရှင်သန်ခြင်း၊စင်ကြယ်တဲ့ စိတ်၊စေတသိက်၊ရုပ် သက်သက်ပါ။ အမှန်တရားကိုသိသူမရှိ၊ အရိယာပုဂ္ဂိုလ်၊ ရဟန္တာ ပုဂ္ဂိုလ်၊လူသားဘုရား၊ထာဝရဘုရားရယ်လို့မရှိခြင်းကို နားလည်သွားတဲ့ဥာဏ်ပါ။ ဖြစ်သမျှ၊သိသမျှ၊ပြု လုပ်သမျှဘာကိုမှမငြိတွယ် တဲ့မြင်ကာမတ္တ၊ကြားကာမတ္တ၊စားကာမတ္တ၊ပြောကာမတ္တ၊လုပ်ကာမတ္တဥာဏ် (စင်ကြယ်မှုသဘောသက်သက်)သာဖြစ်ပါတယ်။ ပုထုဇဉ်ဆိုတာ ဘာမှမဟုတ်တဲ့အနတ္တ အမှန်တရားကိုနားမလည်လို့ငါတွေ၊သူတွေ၊နေတွေ၊ လတွေ၊ကမ္ဘာတွေလို့ အထင်မှားနေတဲ့၊ကိုယ့်အထင်မှားနဲ့ကိုယ် ချစ်စရာ၊မုန်းစရာ၊သနားစရာ၊ကြောက်စရာ၊ အထင်ကြီးစရာ၊ အထင်သေးစရာ၊စားစရာ၊ ရွံစရာအဖြစ်လက်ခံသတ်မှတ်ငြိတွယ်နေတဲ့မစင် ကြယ်တဲ့စိတ်၊စေတသိက်၊ ရုပ်သဘောပရမတ်၊ပစ္စုပ္ပန်အမှန်မသိမှု၊ စွမ်းအင်သက်သက်လေးမျှသာ ရှိပါတယ်။ဂင်္ဂါဝါဠုသဲစုမက ဘုရားတွေတောင် ကျွတ်အောင်မချွတ်နိုင်တဲ့ သံသရာ့သစ်ငုတ်ပုထုဇဉ် ပုဂ္ဂိုလ်ငါမှငါကွလို့ကိုယ့်ကိုယ်ကို လက်မထောင် အရူးထစရာလည်း မရှိ ပါဘူး။

အရေးကြီးသော အချက်များ


(၁) အရာရာ တရားပါ။ သွားလာ၊ပြောဆို၊ လုပ်ကိုင်၊နေထိုင်၊စကားပြော၊စာဖတ်နေရင်းမှာပါ ဘာမှမဟုတ်မှန်းသိနေနိုင် အောင် ကြိုးစားခြင်းဖြင့် လုပ်နေရတဲ့အလုပ်အပေါ်မှာငါစွဲဖြုတ်ဖို့လိုပါတယ်။

(၂) လုပ်၊မလုပ်ဆိုတာထက် လုပ်ခြင်း၊မလုပ်ခြင်း နောက်မှာငါမပါဖို့သာ အရေးကြီးပါတယ်။ ဘာလုပ်တယ်၊မလုပ်တယ် ကအရေးမကြီးပါ။ လုပ်လုပ်မလုပ်လုပ်၊ ဘာမှမဟုတ်တာသိဖို့၊ လုပ်သူငါ၊မလုပ်သူငါမပါဖို့၊လုပ် လည်းစိတ်သက်သက်ကလုပ်တာ၊ မလုပ်လည်းစိတ်သက်သက်ကမလုပ်တာ သိဖို့ငါလုံးဝမပါတာသိဖို့သာ အရေးကြီးပါတယ်။

(၃) ပြုသူမရှိ၊ ဖြစ်သူမရှိ။ တရားရ၊ မရဆိုတာထက် ရလည်းငါရတာမဟုတ်၊ မှန်ကန်တဲ့မဂ္ဂင်အကြောင်း လုပ်လို့အကျိုးစစ်ဖြစ်တာ၊ မရလည်းငါမရတာမဟုတ် မှန်ကန်တဲ့အကြောင်းကို မလုပ်နိုင်လို့ အကျိုးစစ်မပေါ်တာ ဆိုတာနားလည်ဖို့လိုပါတယ်။ အဲဒီလိုနားလည်တာကိုကတရားပါ၊ အဲဒီလို နားမလည်တာကမတရားပါ။

(၄)တရား(လောကုတ္တရာ) ကို မတရား(လောကီ)နဲ့ တန်းတူမထားဖို့လိုပါတယ်။ တစ်ငါငါဆိုတဲ့အထင်မှားကြောင့် အရေးတကြီးလုပ်နေရတဲ့၊အစွဲနဲ့လုပ်နေရင် ဘယ်တော့မှမဆုံးတဲ့၊ မလုပ်တော့မှဆုံးတဲ့လောကီ ပညာရေး၊စီးပွားရေး၊ လူမှုရေး၊အိမ်ထောင်ရေး ကိစ္စတွေကို တကယ်မှန်မှန်ကန်ကန်လုပ်ရင် ရက်ပိုင်း(သို့) လပိုင်း(သို့) နှစ်ပိုင်းအတွင်း တကယ်ဆုံးတဲ့ တရားအလုပ်နဲ့ တန်းတူမထားဖို့လိုပါတယ်။ တရားတကယ် မလုပ်တတ်လို့ မတရားအလုပ်တွေ တစ်သံသရာလုံးလုပ်နေရတာပါ။ တရားတကယ်လုပ်တတ်ရင်မတရားလုပ်နေစရာ မလိုတော့ပါဘူး။ ငတ်လို့ရှာတာ မငတ်ရင်ရှာစရာမလိုတော့ဘူး။၊ မပြည့်လို့လိုတာ၊ ပြည့်နေရင်ဘာမှမလိုတော့ဘူး။ တရားသိ(ရ)ရင် အငတ်ပျောက်တယ်၊ ဘာမှမဟုတ်တာသိလို့လည်း အလိုကင်း၊ဘာဆိုဘာမှလိုလေသေးမရှိအောင်ပြီးပြည့်စုံသွားတယ်။ သစ္စာလေးပါး ပရမတ်အမှန်တရားကို သိလို့လည်းစိတ်မှာ ကိလေသာအမှားကင်းသွားတယ်။ ပူစရာဘာမှမရှိတာသိလို့လည်းအပူကင်း သွားတယ်။

(၅)ငါမရှိတဲ့အမှန်တရားကိုလက်ခံဖို့ ကြိုးစားရမယ့်အစား ငါကဘာဖြစ်တယ်ဆိုပြီး တစ်ငါငါနဲ့ ဆင်ခြေပေးနေချင်တဲ့၊ နောက်ဆုတ်အရှုံးပေးနေချင်တဲ့၊ အချိန်ရွေ့နေချင်တဲ့၊ ပျင်းရိတဲ့ကိလေသာကို မသေသေအောင်သတ်တာ တရားအလုပ်ပါ။ စားပြီးရင်းစားချင်နေရင်၊ငတ်ပြီးရင်းငတ်ချင်နေရင်၊ လိုပြီးရင်းလိုချင်နေရင်၊ ဘယ်တော့မှအလိုမပြည့်ချင်ရင်၊မအားပြီးရင်း မအားချင်နေရင်၊ ကြောက်လို့မဝအောင် ကြောက်ချင်နေရင်၊ သေပြီးရင်း သေချင်နေရင်၊ ပူပြီးရင်းပူချင်နေရင်၊ ရူးပြီးရင်းရူးချင်နေရင်၊ ဘယ်တော့မှရူးလို့မဝချင်ရင်၊ အရူးဘဝကိုစွန့်ရဲတဲ့သတ္တိ မရှိရင်တော့ တစ်သံသရာလုံးလုပ်နေကျဖြစ်တဲ့ လောကီ (ပညာရေး၊ စီးပွားရေး၊အိမ်ထောင်ရေး၊လူမှုရေး၊နိုင်ငံရေး)အလုပ်တွေ ကိုသာဆက်လုပ်နေလိုက်တော့။

(၆) တရားက စင်ကြယ်တဲ့စိတ်နဲ့မှ ရှင်းရှင်းလင်းလင်းသိနားလည်နိုင်မယ့်တရားပါ။ ငါဆိုတဲ့အထင်မှား မစင်ကြယ်တဲ့စိတ်နဲ့ ဟိုဝေဖန်၊ဒီဝေဖန်၊ဟိုလိုထင် ဒီလိုထင်နဲ့ အမျိုးမျိုးထင်မြင်ယူဆနေရမယ့်တရား မဟုတ်ပါဘူး။ တစ်ခုခု၊တစ်ယောက်ယောက်၊ တစ်ချိန်ချိန်၊တစ်နေရာရာ ရှိတယ်ထင်ပြီးကိုယ့်အထင်မှားနဲ့ ကိုယ်တစ်ငါငါနဲ့ ငြိတွယ်နေတာအဝိဇ္ဇာပါ။ တစ်ခုခု၊တစ်ယောက်ယောက်၊ တစ်ချိန်ချိန်၊တစ်နေရာရာ မဟုတ်တာသိနေတဲ့အတွက် ငါဆိုတဲ့အထင်မှားမရှိတာ ဝိဇ္ဇာပါ။

(၇)တရားက လူတွေအားလုံးကို ဘာမှလုပ်ချင်စိတ်မရှိတော့အောင်ပြုလုပ်တဲ့ အလုပ်မဟုတ်ပါ။ လုပ်နေချင်နေတဲ့ သမုဒယသစ္စာနဲ့ လုပ်နေရတဲ့ဒုက္ခသစ္စာရဲ့ဒုက္ခတွေကိုသိပြီးလုပ်ချင်စိတ်လုံးဝမပေါ်တဲ့အတွက် ဘာမှလည်းလုပ်မနေရဘဲ အလကား နေရင်းထိုင်ရင်း အလိုကင်းနေ၊ ပြီးပြည့်စုံနေတဲ့ ချမ်းသာမျိုးပါ။ သမုဒယနဲ့ဒုက္ခဝဋ်သစ္စာ နှစ်ပါး(အဆုံးအစမရှိတဲ့ ဝဋ်သံသရာ) ဆိုတာစားချင်စိတ်နဲ့စားနေလို့ စားနေရတဲ့ဒုက္ခကိုမသိတာ။ ချက်ပြုတ်ချင်စိတ်နဲ့ချက်ပြုတ်နေလို့ ချက်ပြုတ်နေရတဲ့ဒုက္ခကိုမသိတာ။ တွေးစားချင်စိတ်နဲ့တွေးနေလို့ တွေးနေရတဲ့ဒုက္ခကိုမသိတာ။ ပူဆွေးချင်စိတ်နဲ့ပူဆွေးနေ လို့ပူဆွေးနေရတဲ့ဒုက္ခကို မသိတာ။ သိချင်စိတ်နဲ့သိနေလို့ သိနေရတဲ့ဒုက္ခကိုမသိတာ။ ပြောချင်စိတ်နဲ့ပြောနေလို့ ပြောနေရတဲ့ဒုက္ခကိုမသိတာ။ အလကား နေချင်စိတ်နဲ့အလ ကားနေနေလို့အလကားနေနေရတဲ့ဒုက္ခကိုမသိတာ။ လုပ်ချင်စိတ်နဲ့လုပ်နေလို့ လုပ်နေရတဲ့ဒုက္ခကိုမသိတာ။ စာဖတ်ချင်စိတ်နဲ့စာဖတ်နေလို့ စာဖတ်နေရတဲ့ဒုက္ခကိုမသိတာ။ ရှူချင်၊ရှိုက်စိတ်နဲ့ရှူနေ ရှိုက်နေလို့ ရှူနေရှိုက် နေရတဲ့ဒုက္ခကိုမသိတာ။ ကိုယ့်ကိုကိုယ်လူသားတစ်ယောက် ဆိုတဲ့အထင်မှားနဲ့သိနေတဲ့ ဆရာဝန်ဖြစ်၊အင်ဂျင်နီယာ ဖြစ်သလိုမျိုးလူဖြစ်၊တိရစ္ဆာန်ဖြစ်၊နတ်ဖြစ်၊ဗြဟ္မာဖြစ်၊ အမျိုးမျိုးဖြစ်နေတာသံသရာ အစစ်မဟုတ်ပါဘူး။

(၈) အချိန်ဆိုတာ တကယ်ရှိတာမဟုတ်။ တစ်စက္ကန့်ချင်း ဘာမှမဟုတ်တာကို သိနေဖို့လိုပါတယ်။ တစ်ချိန်မှာတစ်စက္ကန့်ပဲ ရှိတာပါ။အချိန်ဆိုတာ တစ်ချိန်ချိန်အနေနဲ့ ရှိနေတာမဟုတ်ဘဲ မပြတ်တရစပ် ချုပ်ပျောက်ကုန်ဆုံးနေခြင်းပဲတကယ်ရှိတာပါ။ တစ်စက္ကန့်၊ တစ်မိနစ်၊တစ်နာရီ၊ တစ်ရက်၊တစ်လ၊တစ်နှစ်၊ တစ်ဘဝ၊တစ်ကမ္ဘာ၊ အဆုံး၊အစမရှိတဲ့သံသရာဆိုတာ တကယ်ရှိနေတာ မဟုတ်ဘဲ ကိုယ်အရှိလို့ လက်ခံထားလို့သာရှိနေတာပါ။

(၉)တရားနဲ့ရောဂါ တရားအားထုတ်လို့ရောဂါတွေများလာတာမဟုတ်ပါ။ နဂိုကရှိနေတဲ့ရောဂါတွေကို ကိုယ့်လောဘ၊ဒေါသ၊ မောဟတွေအားကြီးနေလို့ ရှိမှန်းမသိတာကို တရားအားထုတ်မှ စိတ်စင်ကြယ်လာပြီး ရောဂါရှိတာကို ရှိမှန်းသိလာတာပါ။

(၁ဝ)တရားအလုပ်က လူတွေအားလုံးကို ယောဂီ၊ ဘုန်းကြီး၊သီလရှင်တွေ ဖြစ်အောင်လုပ်တဲ့ အလုပ်မဟုတ်ပါ။ လူမရှိတာသိအောင် လုပ်ရတဲ့အလုပ်ပါ။ တစ်ငါငါနဲ့သိနေတဲ့ လူသားဘုရား၊ လူ့လောကထဲကဗုဒ္ဓဘာသာတရား၊ မိုးကုတ်တရား၊သဲအင်းတရား၊ မိုးကုတ်ဆရာတော်၊ သဲအင်းဆရာတော်ဆိုတဲ့ လူ့လောကထဲကသံဃာတော်တွေဆိုတာလည်း တကယ်မရှိတာသိပြီး ဒီလိုပညတ်နဲ့ ပရမတ်ကို ကွဲကွဲပြားပြားနားလည်တဲ့ ဥာဏ်၊လူပုဂ္ဂိုလ်မဟုတ်တဲ့ ကိုယ့်နှလုံးသားထဲက ပရမတ်ဘုရားအစစ်၊ပရမတ်တရားအစစ်၊ ပရမတ်သံဃာအစစ်ကို ပူဇော်အားကိုးတတ်လာစေဖို့ပါ။

ဦးဥတ္တမသာရ

အားလုံးပဲ တရားတွေ့၍ မွေ့လျော်နိုင်ကြပါစေ...။
ဒေါက်တာခိုင်မျိုး
Posted by Dr Khaing Myo

Sunday, August 31, 2008

ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း

ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း by စကားဝါမြေ

(၁)အကြောင်းခံ
သာသနာထွန်းကားရာ မြန်မာနိုင်ငံသည် တစ်ပါးသောဘာသာဝင်တို့ ၏ သူ့ ကျွန်ဘ၀ရောက်ခဲ့ပြီး
နှစ်(၁၀၀)ခန့် သာသနာညှိုးနွမ်းခဲ့မှုအပေါ် အကြောင်းခံပြီး သာသနာနှစ်(၂၄၉၈)နှစ်တွင် သင်္ဂါယနာ
တင်ခဲ့ရသည်။

(၂)သာသနာနှစ်
(၂၄၉၈)နှစ်

(၃)နေရာ
မြန်မာနိုင်ငံ ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ

(၄)ခေါင်းဆောင်
ညောင်ရမ်းဆရာတော်အရှင်ရေ၀တ၊ မဟာစည်ဆရာတော်အရှင်သောဘဏ၊ မင်းကွန်းဆရာတော်
ဦးဝိစိတ္တသာရာဘိဝံသ

(၅)သံဃာဦးရေ
ရိုးရိုးရဟန်းပေါင်း(၂၅၀၀)

(၆)မင်း
ဖဆပလ ဦးနု အစိုးရ
ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ ကျွန်ဘ၀ နှစ်(၁၀၀)ခန့် ကြာမြင့်ခဲ့ပြီး
သာသနာတော်လွန်စွာ ညှိုးနွမ်းလာခဲ့သည်။ သူ့ ကျွန်ဘ၀မှ လွတ်မြောက်လာသည်နှင့်
သာသနာနှစ်(၂၄၉၈)နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ
လိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။
ညောင်ရမ်းဆရာတော် ၊ မဟာစည်ဆရာတော်နှင့်မင်းကွန်းဆရာတော် များဦးဆောင်သော
ရဟန်း(၂၅၀၀)တွင် ထေရ၀ါဒနိုင်ငံများ ဖြစ်သော မြန်မာ၊ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ၊
သီရိလင်္ကာ နိုင်ငံ(၅)နိုင်ငံမှ ရဟန်းများပါဝင်သော သံဃာထု၊ဖဆပလဦးနု အစိုးရဦးဆောင်သော
မင်းထုနှင့် သာသနာဝင်များ ပြည်သူလူထုစသော ထု(၃)ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင်
ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူဖတ်မှတ် လေ့လာနိုင်ရန်
ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး
သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။
ယခုအချိန်တွင် ဗုဒ္ဓသာသနာတော် ပိဋကတ်(၃)ပုံစလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိ
လာပြီဖြစ်သဖြင့် မည်သည့်ပုဂ္ဂိုလ်မဆို နေရာမရွေး အချိန်မရွေး အလွယ်တကူဖတ်မှတ်
လေ့လာနိုင်လာပြီး သာသနာတော်သန့် ရှင်းတည်တံ့ ပြန့် ပွားရေးအတွက်လည်း
အထူးအရေးပါလှပေသည်။
(တစ်ခဏဖြစ်ရလူ့ ဘ၀ အနှစ်ပြည့်အောင် ကြိုးစားကြ)စာအုပ်မှ

ပဉ္စမအကြိမ်သင်္ဂါယနာတင်ခြင်း

ပဉ္စမအကြိမ်သင်္ဂါယနာတင်ခြင်း by စကားဝါမြေ

(၁)အကြောင်းခံ
သာသနာနှစ်(၂၄၁၅)ကြာပြီးနောက် စတုတ္ထနှင့်ပဉ္စမအကြိမ်ကြားတွင် နှစ်ပေါင်း(၂၀၀၀)ခန့် 
ကြာမြင့်ခဲ့သည့်အတွက် ပေရွက်ပေါ်တင်ထားမှုသည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်
တို့ ကြောင့် ကြာရှည်ခံနိုင်မှုမရှိဘဲ ဖြစ်လာခြင်း မူကွဲများဖြစ်ပေါ်လာခြင်းတို့ အပေါ်
အကြောင်းပြု၍ တင်ခဲ့သည်။

(၂)သာသနာနှစ်
(၂၄၁၅)နှစ်

(၃)နေရာ
မြန်မာနိုင်ငံ မန္တလေးမြို့  ရတနာပုံနေပြည်တော်

(၄)ခေါင်းဆောင်
အရှင်ဇာဂရမထေရ်

(၅)သံဃာဦးရေ
ရိုးရိုးရဟန်းပေါင်း(၂၄၀၀)

(၆)မင်း
မင်းတုန်းမင်း

(၇)ကြာမြင့်ချိန်
နှုတ်ဖြင့်ရွတ်(၅)လ(၃)ရက်
ကျောက်ထက်တင်(၇)နှစ် (၆)လ (၁၄)ရက်
သာသနာနှစ်(၂၄၁၅)နှစ်ကြာသော် ပေရွက်ပေါ်တွင်တင်ထားသော ပိဋကတ်(၃)ပုံတို့ သည်
ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်တို့ ကြောင့် ပျက်စီးလာခဲ့ခြင်းနှင့် အချို့ မူကွဲများ ဖြစ်ပေါ်
လာခြင်းတို့ ကြောင့် အရှင်ဇာဂရမထေရ် ဦးဆောင်သော ရဟန်း(၂၄၀၀)ပါဝင်သော
သံဃာထုသည် ထောက်ပံ့ကူညီပေးသော မင်းတုန်းမင်း၏မင်းထုနှင့် သာသနာဝင်များ
ပြည်သူလူထုစသော ထု(၃)ထုပူးပေါင်းပြီး မန္တလေးမြို့ ရတနာပုံနေပြည်တော်တွင်
သင်္ဂါယနာတင်ခဲ့ကြသည်။
နှုတ်ဖြင့်ရွတ်ဆိုတင်ခဲ့ခြင်းသည် (၅)လနှင့်(၃)ရက် ကြာမြင့်ခဲ့ပြီးနောက် ပိဋကတ်တော်များကို
ကမ္ဘာတည်သရွေှ့ ကြာရှည်မပျက်စီးရလေအောင် စကျင်ကျေက်ပြားပေါ်၌ ထွင်းထု ရေးသားခဲ့ရာ
စကျင်ကျောက်ဖြူအပြားပေါင်း(၇၂၉)ချပ်ရရှိ ခဲ့ပြီး အချိန်အားဖြင့် (၇)နှစ်(၆)လနှင့်(၁၄)ရက်ကြာမြင့်
ခဲ့ပြီး ယနေ့ တိုင် မန္တလေးလောကမာရဇိန်ဘုရားဝင်းအတွင်း၌ ကမ္ဘာ့အကြီးဆုံးစာအုပ်
(The World Biggest Book)ဟူသော အမည်ဖြင့် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၏ဂုဏ်ဆောင်
မှတ်တိုင်ကြီးအဖြစ် လွန်စွာထင်ရှားခဲ့ပေသည်။
(တစ်ခဏဖြစ်ရ လူ့ ဘ၀အနှစ်ပြည့်အောင် ကြိုးစားကြစာအုပ်မှ)

Saturday, August 30, 2008

စတုတ္ထအကြိမ်သင်္ဂါယနာတင်ခြင်း

စတုတ္ထအကြိမ်သင်္ဂါယနာတင်ခြင်း by စကားဝါမြေ

(၁)အကြောင်းအရင်း
သာသနာနှစ်(၄၅၀)ကြာသော် သီဟိုဠ်နိုင်ငံသို့  သာသနာကူးပြောင်းလာခဲ့ရာတွင် အငတ်ဘေးနှင့်
သူပုန်ဘေးကြီး (၁၂)နှစ်ကြာ ကျရောက်ခဲ့ရသဖြင့် သံဃာအစစ်များ ဒုက္ခရောက်ခဲ့ကြမှုကို
အကြောင်းပြုပြီးတင်ခဲ့သည်။

(၂)သာသနာနှစ်
(၄၅၀)နှစ်

(၃)နေရာ
သီဟိုဠ်နိုင်ငံ မလယဇနပုဒ် အလောကလိုဏ်ဂူ

(၄)ခေါင်းဆောင်
အရှင်မဟာဓမ္မရက္ခိတမထေရ်

(၅)သံဃာဦးရေ
ရဟန္တာပေါင်း(၅၀၀)

(၆)မင်း
ဝဋ္ဋဂါမဏိမင်း

(၇)ကြာမြင့်ချိန်
တစ်နှစ်
သီရိဓမ္မာသောကမင်း၏ သားတော်ရပာန္တာ မပိာန္ဒနှင့် သမီးတော်ရဟန္တာ သင်္ဃမိတ္တာထေရီတို့ 
ပြုခဲ့သောသာသနာတော်သည် သီဟိုဠ်တွင် ထွန်းကားခဲ့ရာမှ အငတ်ဘေးနှင့် သူပုန်ဘေးများ
(၁၂)နှစ်ကြာ ပေါ်ပေါက်သဖြင့် ဒါယိကာ၊ ဒါယိကာမများမှ ပစ္စည်းလေးပါးပံ့ပိုးမှု မရှိတော့သဖြင့်
ဝိနည်းလေးစားသော သံဃာအစစ်တို့ သည် ဒုက္ခရောက်ကြရသည်။
အချို့ သော သံဃာအစစ်တို့ သည် ဘုရားရှင်၏ ဓမ္မများမပျောက်ပျက်ရလေအောင် နှုတ်ဖြင့်
ရွတ်ဆိုရင်း သဲသောင်ပေါ်တွင် ဗိုက်ပေါ်သဲများတင်ပြီးမမေ့လျော့အောင် ရွတ်ဖတ်ထိန်းသိမ်း
နေကြသည်။ အချို့ သံဃာတို့ တွင်လည်း လွန်စွာချို့ တဲ့လာကြသဖြင့် နီဝရဏတရားများ
လွှမ်းမိုးလာကြသည်။သူပုန်ဘေး(၁၂)နှစ်ကာလပြီးဆုံးချိန်တွင် သာသနာလွန်စွာ ညှိုးမှိန်
နေသဖြင့် အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်သော ရဟန္တာ(၅၀၀)တို့ ပါဝင်သော
သံဃာထု အထောက်အပံ့ ပြုကြသော ၀ဋ္ဋဂါမဏိမင်း၏ မင်းထု သာသနာဝင်များ ပြည်သူ
လူထု ထု(၃)ထု ပူးပေါင်းဆောင်ရွက်ကြသည်။
ပိဋကတ်တော်များသည် နှုတ်ထက် အက္ခရာတင်လျှင် နောင်တွင် အလွယ်တကူ ပျောက်ကွယ်
သွားနိုင်သည်ကို သိလာသဖြင့် မှတ်တမ်းအဖြစ် ပေရွက်ပေါ် ရေးတင်ပြီး ပေထက်အက္ခရာ
တင်ခဲ့ရာ တစ်နှစ်ကြာမြင့်ခဲ့သည်။
(တစ်ခဏဖြစ်ရ လူ့ ဘ၀အနှစ်ပြည့်အောင် ကြိုးစားကြ)